Sunday, June 24, 2007

င၀န်မြစ် ၊ မိတ်ဆွေစစ် နှင့် အကြင်နာတရား

..
ကျမကို မိုးအကြောင်းရေးဖို့ ချစ်သူငယ်ချင်း မေငြိမ်းက Tag ထားပါတယ်၊
တကယ်တော့ မိုးရာသီဆိုရင် ကျမကမုန်းပါတယ်၊ ဘာကြောင့်ဆိုတော့ ကျမမွေးရာဇာတိ မြစ်ဝကျွန်းပေါ်ဆိုတာက မိုးရွာရင် တပတ် ဆယ်ရက်ကြာတတ်တယ်။ အပေါ်က ရေတွေဆင်းလာသမျှ ကျမတို့ဆီကိုဖြတ်ပြီး ပင်လယ်ထဲကို သွားတာဆိုတော့ ရေကြီးတာလည်း နှစ်တိုင်းနီးပါးခံစားကြရတယ်၊ လယ်သမားတွေ မိုးမျှော်တယ်ဆိုပေမဲ့ မိုးအရမ်းများတဲ့နှစ်တွေမှာ လယ်တွေရေနစ်လို့ ရင်ဆို့ရတဲ့အဖြစ်တွေလည်း ရှိခဲ့တယ်လေ။ အောက်ပြည်အောက်ရွာက မိုးရွာတယ်ဆိုတာ အရမ်းအရမ်းပါပဲရှင်လို့ ပြောရလောက်အောင် ရွာတတ်တာပါ၊ အဲဒီအချိန်ဆိုရင်ဆိုက္ကားသမားလည်း စီးသူမရှိ၊ မုန့်ဟင်းခါးဆိုင်လို ၊ လမ်းဘေးကရာသီစာရောင်းတဲ့ မုန့်ဆိုင်လေးတွေ ဈေးမရောင်းရ ၊ ငါးပုဇွန်တွေလဲရှားပါး၊ ရေကြီးလို့ ကားလမ်း ၊ ရထားလမ်းတွေကလည်းပျက်၊ဒီလမ်းတွေကပဲဝင်ရတဲ့ အခြာ့းကုန်စည်တွေ ကလည်း မ၀င်ဆိုတော့ အခြေခံလူတန်းစားတွေ သိပ်ဒုက္ခရောက်ရတဲ့ ရာသီပါ၊ ဒီကြားထဲ အိမ်အမိုးကောင်းရင်တော်ပါရဲ့။ အမိုးမဖာရသေးချိန်၊ ဓနိအသစ်မလဲနိုင်သေးချိန်ဆိုရင်လဲ မိုးယိုတဲ့အပေါက်တွေကို ဇလုံတွေ ပန်းကန်ပြားတွေနဲ့ ခံထားရင်း ရေကျသံကို နားဆင်ရင်းလူအိပ်စရာမရှိတော့တာလဲ ကြုံရ ။ နယ်က တနေ့လုပ်မှ တနေ့စားရတဲ့အခြေခံလူတန်းစာတွေ ဘ၀မှာ ကလေးကျောင်းတက်ဖို့ ပိုက်ဆံစု ကျောင်းအပ်ပြီးချိန်နဲ့ မိုးရာသီက အကိုက်ပဲဆိုတော့ ကြုံလေရ ဒီဘ၀ ဒီဒုက္ခလို့ ရွတ်ဆိုယုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ မြန်မာလူမျိုးတို့ထုံးစံ ကံကိုသာ အပြစ်ပုံချပြီး သည်းခံနေလိုက်တော့တာလဲ ဒီမိုးရာသီပဲ။ တနှစ်လုံးမှာ ရွာတာ ၃ လမရှိပါဘူး ၊ တောင့်ထားကွ လို့ ကိုယ့်ကိုယ်ကို အားပေးရင်း အိမ်နီးချင်းကို အားပေးရင်း ရုန်းကန်လာတာလဲ ဒီမိုးရာသီပါပဲ၊
ကျမတို့မြို့လေးမှာ ၂၀၀၄ ခုနှစ်က အကြီးအကျယ်ရေကြီးတာကြုံခဲ့ရပါတယ်၊ အဲဒီအကြောင်းကို ကျမက စာလေးတပုဒ်ဖန်တီးထားပါတယ်၊ ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာရဲ့ ရသစာစုမှာ ဖော်ပြပြီးသားလေးပါ၊ ဒါလေးကိုတင်ပေးလိုက်ပါတယ်၊ကျမရေးထားတာ စိတ်မျက်စေ့နဲ့ မြင်နိုင် ခံစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


င၀န်မြစ် ၊ မိတ်ဆွေစစ်နှင့် အကြင်နာတရား




၂၀၀၄ ခုနှစ် ဇူလိုင်လ တလလုံး ပုသိမ်မြို့တွင် ရေကြီးသည်။ ကြီးလိုက်သမှ ပုသိမ်သူ အသက် ရ၀ ကျော် ဖွားလေးစောက ‘ငါ့တသက်လုံး ဒီအိမ်မှာမွေး ဒီအိမ်မှာ ကြီးလာတာ အိမ်ရှေ့ရေရောက်တာတောင် မမြင်ဖူးဘူး။ ခုမှ အိမ်ထဲထိ ရေရောက်ရတယ်လို့ ၊ အဲဒါ မင်းအစိုးရက မင်းကျင့်တရားနဲ့ မညီလို့ သဘာဝတရားကြီးကပါ ဖေါက်ပြန်ကုန်တာ၊ ကြုံဖူးပေါင်တော်’တဲ့။

ရေကြီးခါစက ကမ်းနားလမ်း တောက်လျောက် အပျော်လှေစီးသူတွေ၊ ဘောကွင်းနဲ့ ရေကူးသင်သူတွေ၊ ရေကစားနေသူတွေ နှင့် စည်ကားလှသည်။ စာတိုက်ကုန်းပေါ်မှကမ်းနားလမ်းကို အဆင်း လမ်းတကြောလုံး မုန့်သည်တွေ၊ ရေကစားတာတွေ လာကြည့်သူတွေနှင့် ပွဲတော်တခုလို ၊ အချိန်တန်ရင် သုံး လေးရက်လောက်ဆိုရင် ကျသွားမှာပဲလို့ ပေါ့ပေါ့ပဲ တွေးရင်းပျော်နေခဲ့ကြသည်။

သည်းသည်းမည်းမည်း ရွာတဲ့မိုးက အားဖြည့်လိုက်တော့ ရေတွေတက်လာပြီ။ အနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမြုပ်သွားပြီ။ မြို့လယ်က အနိမ့်ပိုင်းလမ်းတွေလည်း ရေမြုပ်ပြီ။ ကျောင်းအများစု ပိတ်လိုက်ရပြီ။ တချို့ကျောင်းတွေ ရေလွတ်ပေမဲ့ ကျောင်းသားအများစုက အိမ်တွေရေမြုပ်နေပြီိး ရေတွေကို ကျော်ဖြတ်ပြီးမှ ကျောင်းကိုရောက်ရမည်မို့ မတက်ဖြစ်တော့။
အမြင့်ပိုင်းက ဘုရားတွေ၊ ဇရပ်တွေ၊ ကျောင်းတွေ အားလုံး ရေဘေး ဒုက္ခသည်စခန်းဖြစ်သွားသည်။

လပြည့်နေ့။ ‘ဒီနေ့ ရေက အမြင့်ဆုံး ဖြစ်မှာပါ၊ ’

လပြည့်ကျော် တရက်နေ့။ ‘မနေ့ကထက် ပိုတက်လာတယ်။ အောက်ထပ်က ပစ္စည်းတွေ ရွှေ့၊ ညရေက ပိုတက်နိုင်တယ်။’ ရေမရောက်နိုင်ဘူးလို့ ထင်ထားတဲ့အိမ်တွေ ရေ၀င်ကုန်ပြီ။ တမြို့လုံး ရေကိုမမြင်ချင်တော့။
လ၀က်ရှိသွားပြီ။ ရေက မကျပဲတန့်နေသည်။ ပုသိမ်မြို့ သုံးပုံ နှစ်ပုံ ရေနစ်နေပြီ။ အလုပ်အကိုင်တွေ ရပ်ပြီး စားဝတ်နေရေး အခက်အခဲကြောင့် ခိုးမှု၊လုယက်မှု တွေ များလာပြီ။ အိမ်သာတွေ ရေနစ်နေပြီး သောက်ရေအခက်အခဲ ဖြစ်သည်။ စနစ်တကျ ကယ်ဆယ်ရေးအဖွဲ့ မရှိ။ ဆေးရုံပေါ်တွင် ၀မ်းရောဂါလူနာတွေ ပြည့်နှက်နေသည်။ အချို့ ရောဂါပျောက်ပေမဲ့ မဆင်း။ အိမ်က ရေမြုပ်နေတော့ ဆေးရုံမှာပဲ ဆက်နေချင်သည်။ တယောက်ဆေးရုံတက်လျင် တမိသားစုလုံး ဆေးရုံရောက်လာကြသည်။

အဲဒီရက်တွေမှာ ပုသိမ်မြို့သူ မြို့သားတွေ စည်းလုံးညီညွတ်ခဲ့ကြသည်။ မရှိသူက ရှိသူကို ဝေမျပေးနိုင်ခဲ့ ကြသည်။ အစိုးရ၏ ထောက်ပံ့ကြေး ၊ အန်ဂျီအို အဖွဲ့များ၏ ထောက်ပံ့ကြေး တစုံတရာကို လုံးဝ မရရှိခဲ့ကြပဲ ကြံ့ကြံ့ခံခဲ့ကြသည်။
ခင်မင်သူ ၊ စိတ်ဝင်စားသူများ အတူ စုစည်းပြီိး ဆန်ဝေကြသည်။ ဆန်အိတ်လိုက် ရပ်ကွက်ရုံးကို ပို့ခိုင်းသည်။ ရပ်ကွက်လူကြီးက လူစာရင်းပြပြီး ဝေချင်သည်။ အလှူရှင်တွေက လူကိုယ်တိုင် ကိုယ်ထိလက်ရောက် လှူချင်သည်။ှ အလွဲသုံးစားမှုကို ကာကွယ်ချင်သည့် စေတနာရှင်တွေနှင့် ဒုက္ခရောက်နေသည့် သူတွေရဲ့ ရပိုင်ခွင့်ကို ဖြတ်စားချင်သည့် ရ၀တ လူကြီးတွေ စကားများကြသည်။ ကိုယ့်ရပ်ကွက်သားတွေကို မငဲ့ကွက်ပဲ မတရားရယူထားသည့် မဖြစ်စလောက် အာဏာနှင့် ရိုင်းစိုင်းပြသည့် ရ၀တ လူကြီးတွေကို ဆန့်ကျင်ပြီး လမ်းမပေါ်တွင် ဆန်လှူပွဲတွေ လုပ်ကြသည်။ အချင်းချင်း ကိုယ်ချင်းစာကြပါ။ တယောက်ချင်း တခါသာ လာယူကြပါ ပြောတော့ စေတနာကို အသိအမှတ်ပြုသည့် စည်းကမ်းသေ၀ပ်တဲ့ ဆန်လှူပွဲတွေ ဖြစ်သွားသည်။

ရပ်ကွက်တွေ တခုပြိးတခု လှူခဲ့ကြသည်။၊ တချို့ ရ၀တ ရုံးကို စကားမများချင်လို့ ပေးခဲ့ရသူတွေနဲ့ တွေ့တော့ စိတ်ပျက်စကား ပြောကြသည်။ အဲဒီ ရ၀တ လူကြီးမိန်းမ ဆန်အိတ်လိုက် ရောင်းစားပြီး ရွှေဆိုင်တန်းမှာ လက်စွပ်လာဝယ်သွားတယ်ဆိုတဲ့ သတင်းမျိုးကို ဥပက္ခာပြုပြီး နောက်တမျိုး လှူဖို့စဉ်းစားကြပြန်သည်။

ဒီတခါ ဆန်မဝေပဲ ချက်ပြီး ထမင်းနဲ့ ဟင်းဝေဖို့ ကြိုးစားပြန်သည်။ ရေကြီးပေမဲ့ ကိုယ့်အိမ်ကို မစွန့်ခွာပဲ အိမ်ထဲမှာ စင်ထိုးနေသူတွေ၊ ဘယ်လိုမှ မမျော်လင့်နိုင်စွာ။ တစ်အိမ် နှစ်အိမ် မဟုတ်။ ဆယ်အိမ် ဆယ့်ငါးအိမ်မဟုတ်။ အများကြီး မှ အများကြီး။ တရပ်ကွက်လုံးနီးပါး။ ဆန်သွားဝေခဲ့သည့် ရပ်ကွက်တွေထက်ဆိုးသည်။ လုံးဝ ရေမကျပဲ ၊ မြေကြီးကို မမြင်ရပဲ ၊ ဘယ်သွားသွား လှေနဲ့မှ သွားရတဲ့နေရာတွေ။ အိမ်ခေါင်မိုးနား ကပ်နေတဲ့ နေရာထိ ၀ါးလုံးတွေနဲ့ စင်ထိုးနေကြတာ။ မတ်တပ်ရပ် မရတဲ့နေရာမှာ လှဲလိုက် ထိုင်လိုက် ၊ ကြွပ်ကြွပ်အိပ်နဲ့ ၀မ်းသွားပြီး အဲဒီရေထဲပဲ လွှင့်ပစ်လိုက်တာ ၊ ထမင်းဝေတဲ့ လှေက ကမ်းပေးလိုက်တဲ့ ထမင်းထုပ်ကို ချက်ချင်း အငမ်းမရ ဖေါက်စားတာတွေ မြင်ရတဲ့အခါ တညလုံးမအိပ်ပဲ ထမင်းချက်တဲ့သူတွေ၊ ပဲငါးပိ နဲ့ ခရမ်းချဉ်သီး ချက်တဲ့သူတွေ၊ ထမင်းတွေ၊ ဟင်းတွေ ထုပ်ပိုးပြင်ဆင်တဲ့ လူငယ်အဖွဲ့တွေ ၀မ်းသာဝမ်းနည်း ဖြစ်သွားခဲ့ရသည်။ ထပ်ခါထပ်ခါလှူဖို့ ငွေစုကြပြန်သည်။ အလှူရှင် လူငယ်အများစုက ဆင်းရဲခြင်းကို ဒီလောက်ထင်မထား၊ မကြုံဖူးခဲ့သူတွေ။
မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့အခါ အံ့သြတွေဝေ သွားကြသည်။ ဘာ့ကြောင့် ဒီလူတွေ ဒီလောက် ဆင်းရဲကြတာလဲ။ ဒီလောက် ပြည်သူတွေ အတိဒုက္ခ ရောက်နေတာကို နိုင်ငံတော်အာဏာရှင်တွေက ဘာ့ကြောင့် ကူညီထောက်ပံ့မှု မရှိတာလဲ။ ဖြစ်ရပ်မှန်တွေကို ကမ္ဘာကသိအောင် ဘာ့ကြောင့် မထုတ်ပြန်တာလဲ။ မေးခွန်းတွေ အများကြီး ထွက်လာသည်။ လက်တွေ့အရတော့ မြန်မာ့ဓလေ့ထုံးစံအတိုင်း မရှိသူကို ရှိသူက ၊ များများဒုက္ခရောက် နေသူကို နည်းနည်းဒုက္ခရောက်နေသူက ကူညီစောင့်ရှောက်ဖို့ မည်သည့်အမိန့်အာဏာမှ မလိုပဲ ကိုယ်ပိုင်အသိစိတ် ဖြင့် တာဝန်ယူခဲ့ကြသည်။

ထမင်းထုပ်ဝေရတဲ့ ရပ်ကွက်တွေကလည်း များလာသည်။ တချို့ရပ်ကွက်တွေမှာ ရေက ခါးလောက်ပဲရှိတော့ ထမင်းထုပ်တောင်းကို ထမ်းပြီး လိုက်ဝေသည်။ ဒါပေမဲ့ လမ်းကမကျမ်းကျင်သဖြင့် ဘေးက ရေမြောင်းဖေါက်ထားတဲ့ အထဲ ခြေချော်ကျသွားတော့ လူရော ထမင်းတောင်းပါ မြုပ်သွားရတော့သည်။ ဒီိတော့ လှေငှားပြီး လိုက်ဝေကြသည်။ ရေနဲနဲတိမ်လျင် ရှေမှလမ်းသိသော ရပ်ကွက်ထဲသူ၊ ရပ်ကွက်သား တွေက လှေကို ဆွဲသွားရသည်။ ဘုန်းကြီိးကျောင်း တွေကို ဆွမ်းစားအမှီ လိုက်ပို့သည်။ စာသင်သားများတဲ့ ကျောင်းတိုက်တွေက ကုန်းပိုင်းတွင်သာရှိ၍ တော်သေး သည်။ ရေကြီးတဲ့ အပိုင်းသို့ ဆွမ်းခံကြွနေကျ ကိုယ်တော်တွေကို ရေမရှိသော အပိုင်းမှ အိမ်များက ဆွမ်းခံကြွရန် ဆွမ်းဖိတ်ကြသည်။ ပုသိမ်တမြို့လုံးနီးပါး ထန်းကုန်းလေးရပ်ကွက်၊ ငြိမ်းချမ်းရပ်ကွက်၊ ရွှေဝါထွန်းရပ်ကွက်၊ရာမည ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ င၀န်ကျန်းသာရပ်ကွက်၊ လယ်တီရပ်ကွက် ----ရပ်ကွက်ပေါင်းများစွာ ရေမြုပ်နေပြီိး၊ ကုန်းပိုင်းလမ်းမကြီး တချို့သာ ရေမမြုပ်ပဲ ကျန်နေတော့သည်။

မိုးကဆက်တိုက်ရွာနေသည်။
ဧရာဝတီမြစ်ရေတက်သည်။
င၀န်မြစ်ရေတက်သည်။ ဧရာဝတီတိုင်းတွင် ပုသိမ်သည် အနိမ့်ပိုင်းကျသဖြင့် အမြုပ်ဆုံး ဖြစ်သွားသည်။
ရေကြည်ဦးရပ်ကွက်မှ ၁၃ နှစ်သား ၇ တန်းကျောင်းသားလေး ရေတောထဲမှာ အမေက အကြွေးတောင်းခိုင်းတာ ပြန်ရောက်မလာတော့။ သွားနေကျလမ်းပေမဲ့ ရေက ရင်ခေါင်းလောက်မှာ အမြဲရှိနေသည်။ လမ်းဘေးရေမြောင်းထဲ ခြေချော်ကျသွားလျင် ရေမကူးတတ်က သေဖို့လမ်းပဲရှိသည်။ ရေကြီးတာနဲ့ တိုက်ရိုက် မပါတ်သက်သော်လည်း သွယ်ဝိုက်ပါတ်သက်ပြီး သေခဲ့ရတာတွေရှိသည်။ ရေကြီးနေစဉ် လှေငှားရတာ ရိုးရိုးအချိန် ကားထွက်ငှားရတာနှင့် မတူ။ လှေရှိတဲ့နေရာသို့ ရေထဲမှ လမ်းလျောက် သွားခေါ်ရတာသည် လမ်းမပေါ်မှာ လမ်းလျောက်ရတာနှင့် အချိန်ကွာခြားမှု အများကြီးရှိသည်။ လှေက သူများငှားသွားလျင် ပြန်လာအောင် စောင့်ပေဦး။ ဒီလိုနှင့် လူမသိ သူမသိ သေခဲ့ရသည့် သက်ကြီးရွယ်အိုတွေ ရှိခဲ့တယ်ဆိုတာ ကြုံဘူးမှ သိခဲ့ရသည်။

ဝန်ထမ်းတွေချည်း နေခွင့်ရသည့် ပြည်တော်သာ ရပ်ကွက်သည် ရေကြီးခြင်းနှင့် ဘယ်တုန်းကမှ မကြုံဘူးခဲ့။ တထပ်တိုက်တွေ၊ နှစ်ထပ်တိုက် က အောက်ထပ်တွေထဲ ရေ၀င်နေတာ ဒူးခေါင်းမြုပ်သည်။ မျော့မမြင်ဘူးသည့် မြို့သားတွေ မျော့ဆိုသည့် သွေးစုပ်သတ္တ၀ါအကြောင်း ကောင်းကောင်းကြီး သိသွားခဲ့သည်။ ၀န်ထမ်းချင်းတူပေမဲ့ နေရာ ဌာနအလိုက် ၀င်ငွေတွေက မတူတော့ ရေကြီးတာကို ခံနိုင်ပုံချင်း မတူကြတော့။ ကျောင်းက တလကျော်ကျော် ပိတ်လိုက်ရတော့ ကျူရှင်မပြရသည့် ဆရာ ၊ဆရာမတွေ၊ သင်္ဘောတွေ မထွက်တော့ ကိုယ့်အခန်းလေး ရောင်းစားရတဲ့ ၀န်ထမ်းတွေ ၀န်ထမ်းလစာလေးနဲ့ ဘယ်လိုမှ စားမလောက်။ ကားလမ်း ရေလွှမ်းနေလို့ ဘယ်မြို့ကိုမှ ယာဉ်လိုင်းမထွက်တော့ လက်မှတ်ရောင်းတဲ့စာရေးတွေ၊ ကားဒရိုင်ဘာတွေ၊ အဲဒီကားတွေ သင်္ဘောတွေ ၊ ကျောင်းတွေကို မှီခို ပြီးဈေးရောင်းစားနေရတဲ့ ဈေးသည်လေးတွေ အလွှာအသီးသီးမှာ ဒုက္ခတွေကိုယ်စီနှင့်။
ဟင်္သာတရေကာတာ ကျိုးမှာစိုးလို့ ဖေါက်ပစ်ရတယ်ဆိုတဲ့ ပါးစပ်သတင်းမျိုးက အမှန်ဖြစ်ခဲ့ပြီး ရေဒီယို၊ တီဗွီ သတင်းတွေက ဘယ်မြို့မှာ စိုးရိမ်ရေမှတ်က ဘယ်လောက်၊ စိုးရိမ်ရေမှတ် ကို ဘယ်လောက်ကျော်သွားပြီ သတင်း အပေါ်ယံတွေသာ ကြားနေရသည်။ လူဘယ်နှစ်ယောက်သေပြီိး လယ်ဘယ်နှစ်ဧက ရေနစ်မြုပ်ခဲ့ပြီ။ ရေတိုးသည့် အရှိန်နှင့် တံတားဘယ်နှစ်ခုကျိုးခဲ့ပြီ၊ ငါးမွေးမြူရေးကန်တွေ ဘယ်လောက် ပေါက်ထွက်သွားပြီ ဆိုတာတွေကို ဖုံးကွယ်ထိမ်ချန် ထားခဲ့သည်။

ပုသိမ်ရောက်ခါနီး ကန်ကြီးထောင့်မြို့အလွန်က တံတားတခုကျိုးခဲ့သည်။ အဲဒီတံတားကို ကျိုးစေသည့် ချောင်းကလေးက ရေမကြီးသည့် သာမာန်အချိန်တုန်းက မြောင်းသာသာပဲ ရှိသည်။ ရေကြီးသည့် အခါ မြစ်ပြင်ကျယ်ကြီး ဖြစ်နေပြီး ရေစီးသံက အဝေးကပင် ကြားလောက်အောင် ကျယ်လောင် ပြင်းထန်ကာ ဘိလပ်မြေနည်းနည်း သံချောင်းနည်းနည်းဖြင့် ဖြစ်ရုံဆောက်ထားသည့် တံတားက ကျိုးခဲ့သည်။ ပုသိမ်ရန်ကုန် ကားလမ်း လည်း ထိုတံတားပြင်ပြီိးချိန်ထိ ပိတ်ထားလိုက်ရသည်။ ရထားလမ်းတွေ ရေကျော်သဖြင့် ဇလီဖားတုံးတွေ နေရာရွေ့ကုန်ကာ တချို့နေရာတွင် မြေကြီးကို ရေတိုက်စားပြီး ရထားသံလမ်းနှင့် အောက်ခံမြေကြီး တစ်ထွာ ကျော်လောက် ဟသွားသည်။ ရထားလမ်းသည် ကားလမ်းထက် စောစွာ ပိတ်လိုက်ရသည်။ အကျိုးဆက်အရ ရထား၊ ကားတို့နှင့် ၀င်သော ဟင်းသီးဟင်းရွက် တွေ လုံးဝမ၀င်တော့။

တမြို့လုံး ခင်ရာမင်ရာများ နှင့် စုစည်းထားသည့် စေတနာရှင်အဖွဲ့များ ဆယ်ဂဏန်းနီးပါး ရှိခဲ့သည်။ အချို့အဖွဲ့များက ကျောင်းသူ ကျောင်းသားလေးများ ဖြစ်သလို ၊ အချို့အဖွဲ့များက လုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ အချို့က ငွေကြေးပမာဏ တော်တော်များ၍ အချို့က နည်းပါးကြသော်လည်း စေတနာတွေကတော့ ထပ်တူညီ ကြသည်။ ကိုယ်လှူခဲ့သည့် ရပ်ကွက်အကြောင်း အဖွဲ့ အချင်းချင်း ပြန်ပြောကြကာ တချို့နေရာတွေကို အဖွဲ့ချင်းပေါင်းကာ ထပ်လှူကြပြန်သည်။ ပုသိမ်တွင် ငွေအင်အားမတောင့်တင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်ပင် ရေဘေးသင့် ပြည်သူတွေကို ဆန်လှူခဲ့သေးသည်။

ဒီလို အလှူသတင်းတွေကြားတော့ နအဖရဲ့ ကြံ့ ဖွတ်အသင်းကြီးကလည်း ခေတ်နောက်မကျန်ရအောင် ပြင်ဆင်တော့သည်။ ရေမကြီးတဲ့ ရပ်ကွက်တွေ၊ ဈေးတွေမှာ အလှူခံထွက်သည်။ နာမည်ကြီး ဆန်စက်ပိုင်ရှင်၊ သင်္ဘောပိုင်ရှင်တွေ ဆန် ၅ အိတ်စီ၊ ရွှေဆိုင်၊ စတိုးဆိုင် ပိုင်ရှင်တွေ ဆန် ၁ အိတ် ၊ငွေ (၅၀၀၀)ကျပ်၊ ရိုးရိုး ဈေးဆိုင်တွေ တဆိုင် (၅၀၀)ကျပ် ဖြင့် ခွဲတမ်းချကာ ( ပါးစပ်မှ စေတနာရှိသလို ထည့်ပါဟု ပြောကာ )ကောက်ခံလေတော့သည်။ ထို အဖြူအစိမ်းဝတ် ကြံ့ ဖွတ်အဖွဲ့ကြီး လာတာ မြင်လျင် အချင်းချင်း အချက်ပြပြီိး ဆိုင်ပိတ်ပြေးကြသည်။ ဆိုင်ပိတ်ဖို့မမှီလျင်( ၅၀)ကျပ်လောက် ထည့်သည်။ ထိုအခါ စေတနာရှိ သလောက် ထည့်ပါဟု ပြောသည့် အလှူခံများသည် ၅၀ ထဲ ၊ ဘာလုပ်ရမှာလည်းဟု ရိုင်းစိုင်းစွာ ပြောကာ ၅၀ ကျပ်တန်ကို ပြန်ပေးသွားသည်။ ပုသိမ်မြို့သူမြို့သားများသည် နောက်နှစ်ရက်အကြာ တီဗွီသတင်းထဲတွင် ပုသိမ်မြို့တွင် ရေကြီးသဖြင့် ဒုက္ခရောက်နေသော ရေဘေးဒုက္ခသည် ပြည်သူများအား ဧရာဝတီတိုင်း ကြံ့ဖွတ်အသင်းကြီးမှ ဆန်အိတ်များ လှူဒါန်းပွဲကြီး အကြောင်း ခမ်းနားထည်ဝါစွာ မြင်တွေ့လိုက်ရလေတော့သည်။

(ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပုသိမ် ရေကြီးခြင်း တစ်နှစ်ပြည့်နှင့် ထမင်းလှူပွဲ အမှတ်တရ )

1 comment:

ကလိုစေးထူး said...

ကျနော်တို့ မြို့လေးမှာလဲ အဲဒီလိုပဲ မိုးတွေ သိပ်ရွာတော့ မြစ်ရေလျှံလို့ မိုးရေကြီးဖူးတယ်။ အဲဒီတုန်းကလဲ `ရေဘေးဒုက္ခသည်တွေအတွက် အလှူလာခံတာပါ´ ဆိုပြီး ကြံ့ဖွတ်တွေ တအိမ်တက်ဆင်း၊ ထမင်းထုပ်၊ အ၀တ်အစားတွေ အလှူလိုက်ခံပြီး လူကြီးဆိုတဲ့လူ လာတော့ သူတို့ပဲ လှူသယောင်ယောင် တင်ပြတာ တွေ့ဖူးတယ်။