Tuesday, September 6, 2011

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ...

ဒီတခါ ဘလော့ပြန်ရေးတော့ စိတ်ထဲ ပေါ်လာတာတွေ ရေးမယ်လို့ ပိုင်းဖြတ်ထားတယ်။ ဘလော့လေးကို ကိုယ်ရဲ့ စိတ်ခံစားမှု ကိုယ်ပွားအဖြစ် ဖန်တီးထားချင်ခဲ့လို့ပါ။ ပို့စ်အဟောင်းတွေ ပြန်ဖတ်မိတိုင်း အော် အဲဒီတုန်းက ဒီလိုကိုးလို့ တွေးမိသလို ငါဒီလို စာမျိုးလဲ ရေးခဲ့မိသားပဲ လို့ကြည်နူးချင်သေးတယ်။ ခုချိန်ထိရေးခဲ့ဖူးသမျှထဲ နောင်တရစရာ မရှိခဲ့တာကိုပဲ ကိုယ့်ဘာသာ ကြံဖန်ကျေးဇူးတင်မိတယ်။ 
ဒီနေ့ တော့ မေးလ်ထဲက ရောက်လာတဲ့ (ရေးသူ ရှာဖွေသူ ဘယ်သူလဲတော့ မသိပါ)
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။ ဆိုတာလေး  ပြန်မျှဝေပေးချင်တာနဲ့ ဒီထဲ။မှာ သိမ်းထားသလိုလေး ဖြစ်အောင် ပို့စ်တင်လိုက်ပါပြီ


စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

အပြည့်အစုံကို ဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ဆိုတာလေးကို ကလစ်ပါ။


ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရရင်....

အဲဒီထဲက အချက် အနည်းငယ်မှာ(အသိဥာဏ်တို့ ဘာတို့မှာ ပြောပါတယ်) စံမမှီတာက လွဲရင် အဲဒါတွေ အကုန်ရှိတယ် ထင်တာပဲ ဟဟ။ ဒါ့ကြောင့်လဲ စိတ်ချမ်းသာနေတာပဲ ထင်ရဲ့။ အိပ်ချင်ပြီဆိုတာနဲ့ အိပ်ပျော်တယ်။ အိပ်မရဘူးဆိုတာ တခါမှမရှိခဲ့ဖူးဘူး။ နှစ်ခြိုက်စွာ အိပ်မောကျရခြင်းဆိုတာ အင်မတန်ကောင်းတဲ့ ရလဒ်ဆိုလားပဲ။ သူများပြောတာ ကြားဖူးတာ။ အိပ်မရလို့၊ ညတုန်းက တော်တော်နဲ့ အိပ်မပျော်ဘူး ဆိုလာရင် တော်တော်အံ့သြတာပဲ။ ကျောင်းတက်တုန်းကလဲလေ စာမေးပွဲ ရှိလို့ အိပ်မရဘူး ဆိုတဲ့လူတွေမြင်ခဲ့တော့လဲ အံ့သြခဲ့တာပဲ။ ကိုယ့်ဘာသာတော့ ရသလောက်ပဲ ဖြေတာပေါ့ လို့ အမြဲ စိတ်ရှိခဲ့လို့ ထင်တာပဲ။ ဒါ့ကြောင့်လဲ အရမ်းမထူးချွန်ခဲ့တာ ဖြစ်မယ်။

ဘာပဲ ဖြစ်ဖြစ်လေ လူ့လောကကြီးထဲ နေပြီး စိတ်ညစ်နေမယ်။ ဘာကိုမှ အလိုမကျနိုင်ဘူး။ လိုချင်တာတွေ များနေမယ် ဆိုရင် ဘယ်ကောင်းပါ့မလား။ ပျင်းစရာကြီး ဖြစ်တော့မှာ။ ကိုယ်ရောက်နေတဲ့ အခြေအနေပေါ်မှာတော့ ဘာမှ စိတ်မညစ်သင့်ဘူးလို့ ထင်တာပဲ။။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အလုပ်ကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ရမယ်။  ပြီးတော့ လောကကြီးမှာ နေတဲ့ အချိန်လေးမှာ ကိုယ်ဟာ အမှိုက်ထုပ်မဖြစ်ဖို့သည်သာ အရေးအကြီးဆုံး ပေါ့။ သာယာတဲ့ ဘ၀ ချမ်းမြေ့တဲ့ဘ၀ဆိုတာ ကိုယ်တိုင်တည်ဆောက်မှ ရလိမ့်မယ် မဟုတ်လား။ ဒီလောက်ပဲသိပြီး သိသလောက်ပဲ ကျင့်နေဦးမယ့် ကျမပါ။

ဘာရယ်တော့ မဟုတ်ပါဘူး။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူ ဖြစ်မဖြစ် ကိုယ့်ကိုယ်ကိုယ် စစ်ကြည့်စေချင်တယ်၊ ပြီးရင် လိုအပ်တာလေးတွေ ဖြည့်ကြတာပေါ့ ။ အားလုံး စိတ်ချမ်းသာတဲ့လူတွေ ဖြစ်ကြပါစေနော်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:

သက်ဝေ said...

ဟုတ်တယ် အမ...
ကျန်တာတွေက ပိုက်ဆံနဲ့ ပေးဝယ်လို့ရနိုင်ပေမယ့် စိတ်ချမ်းသာမှုကို ပိုက်ဆံနဲ့ ပေးဝယ်လို့မှ မရတာနော်...
ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဖြစ်အောင်ကြိုးစားပြီး အချိန်တိုင်းမှာ အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် နေနေပါတယ်...
စိတ်ချမ်းသာဖို့ ဆိုတဲ့နေရာမှာ အရာရာကို အသင့်အတင့်နဲ့ ကျေနပ်တတ်ရမယ်... ဖြစ်လာသမျှအကြောင်း အကောင်းပဲလို့ သိမြင် ဆင်ခြင်တတ်ရမယ်... ပြီးတော့ အတော်အတန်နဲ့ ရောင့်ရဲတင်းတိမ်တတ်ရမယ်ဆိုတာတွေလည်း ပါသေးတယ်နော်...

ခင်မင်းဇော် said...

ဟုတ်ပ သက်ဝေရယ်။ ပူလောင်နေတဲ့ လူတွေမြင်ရတာ သနားမိလို့။ ဒါနဲ့ ဘလော့ဖတ်တဲ့လူ နည်းလာသလိုပဲနော်။ အင်းလေ ကိုယ့်ဘလော့ကို လူသိပ်မသိတော့ဘူးကိုးးးး ဟိဟိ တကျော့ပြန် ဘလော်ဂါလေးပါရှင့်။

Nay Mya Mya Swe said...

အမရေ...
လာဖတ်သွားပါတယ်.ညီမလဲ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်နေတတ်ချင်တာ.အမရေးထားတာလေး ဖတ်ပြီး အဲဒီအချက်တွေအားလုံးမဟုတ်တောင် တချို့ တော့ ကိုက်ညီအောင်နေတတ်နေပြီလို့ ထင်မိပါတယ် အမရေ

တန်ခူး said...

မ ရေ... ဘလော့ရပ်ဝန်းမှ ကြိုဆိုပါ၏... အပေါ်က အချက်တွေနဲ့  တိုက်ကြည့်တယ်... ၇၀%လောက်တော့ရှိတယ်...မဆိုးသေးဘူးပေါ့နော်...စိတ်ချမ်းသာတယ်ဆိုရမှာပေါ့...စာတွေပြန်ရေးပါ မ ရေ...စောင့်ဖတ်နေမယ်...

rose of sharon said...

စိတ်ချမ်းသာအောင် ကြိုးစားပြီးနေပါတယ်... အမရေးထားတာလေးတွေကြည့်လိုက်တော့ ကျမမှာ တချို့အချက်လေးတွေလိုအပ်နေသေးတယ်... ကျေးဇူးအမ...