Sunday, September 18, 2011

ပျင်းတဲ့ ဒီနေ့

ဒီတနင်္ဂနွေမနက် အိပ်ယာထ နောက်ကျသွားတယ်။
၈နာရီခွဲမှ နိုးတော့ ဈေးသွားရမှာလဲ ပျင်းတယ်။ ဒါနဲ့ အိမ်နားက မုန့်ဟင်းခါးဆိုင်မှာ အသုပ်စုံဝယ်စားလိုက်တယ်။ ပြီးတော့ ဒီနေ့ ဘုန်းကြီးကျောင်းဆွမ်းပို့ရမယ့်နေ့ ဆိုတော့ ညကတည်းက ကုလားပဲ ရေစိမ်ထားတာ ရှိတယ်။ ဒါနဲ့ ဈေးမသွားတော့ပဲ ရှိတာနဲ့ ချက်မယ် ။ ပဲဟင်းချိုကို ပဲကြာဇံခတ်လိုက်တယ်။ မနေ့ညနေကတည်းက ရေစိမ်ပြီး နွင်ထားတဲ့ ငါးကျည်းကျပ်တင်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တယ်။ ဟင်းသီးဟင်းရွက်ဘာကျန်လဲ ကြည့်တော့ ဂေါ်ရခါးသီး သုံးလုံး ရှိတာနဲ့ အဲဒါကို ကြော်လိုက်တယ်။ ဘုန်းကြီးဆွမ်းကပ်ဖို့ရယ် အိမ်အတွက် မနက်စာရယ် ရပြီဆိုပြီး ထားလိုက်တယ်။ ပြီးတော့ မီးဖိုချောင်ရေဆေးတယ်။ (တပတ်တခါ ကြမ်းပြင်တွေကိုပါဆေးရတယ်။ ခုငှားနေတဲ့အိမ်က နောက်ဖေးခန်း ကြွေပြားကပ်မထားလို့ မမိုက်ဘူး။)။ ထိုင်ခုံအခင်းတွေ မှီအုံးအစွပ်တွေ အကုန်လျှော်တယ်။ ရေချိုးဖို့ လုပ်နေတုန်း အမေရိကားက ဖုန်းလာတယ်။ ထုံးစံအတိုင်း သူတို့က ဖုန်းကဒ်မကုန်မချင်း ပြောတာ ။ နောက် ပီအေကို ဆက်ပြောဖို့ လက်လွှဲပြီး ရေချိုး ခေါင်းလျှော်။ မနက်စာ စားတော့ နေ့လည် ၁ နာရီ။ ဟင်းတွေ ကုန်သွားတယ်။ ညစာကတော့ ဖြစ်သလိုလေးပေါ့ လို့ အားပေးထားလိုက်တယ်။။

ကွန်ပျုတာရှေ့ထိုင်ပြီး သတင်းလေးဘာလေး ကြည့်မယ်ဆိုပြီး ဒေါက်တာလွဏ်းဆွေဘလော့ဝင်လိုက်တော့ တရုပ် ပြည်မှာ ဆရာဝန်မကြီး အသက် ၇၇ နှစ်က ၀တ်လစ်စလစ်နဲ့ ဆန္ဒပြနေတဲ့ ဒီ ဗွီဒီယို ဖိုင်ကို တွေ့တော့ ကြည့်လိုက်တယ်။ အောက်က ရေးထားတဲ့ သတင်းမှာ ကွန်မြူနစ်ကြောင့် ဘာသာမဲ့နေလို့ အရှက်မရှိဘူး ဘာညာရေးထားတာကို သဘောမတွေ့ဘူး။ အသက် ၇၇ နှစ်အရွယ်မှာ ကိုယ်နေတဲ့ နေအိမ်ကို ဘာမှမဖြစ်စလောက်လျော်ကြေးနဲ့ ဖျက်ဆီးခံရတော့ သူဘယ်လို ပြန်လည်ရပ်တည်မလဲ ဆိုတာ ကိုယ်ချင်းစာမိတယ်။ တော်ရုံခံစားမှုနဲ့ဒီလို လုပ်မလား။ သူတို့အသံကို နားထောင်လိုက်တော့ နားမလည်ပဲနဲ့တောင် ရင်ထဲတော်တော်ဆို့သွားတယ်။
ခုရက်မှာ တရုပ်တွေကို အမြင်ကပ်နေတဲ့ ခံစားချက်က ဒီဗွီဒီယိုဖိုင်ကြည့်တော့ ကွဲပြားသွားတယ်။ အစိုးရအသုံးမကျမှုကိုလဲပိုမြင်တယ်။ ဒီလိုပဲ အုပ်ချုပ်တဲ့လူအသုံးမကျရင် ပြည်သူတွေ ဒုက္ခရောက်ကြရတာပဲ။

ဆက်ဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ကိုကလစ်ပါ။

ကျမတို့ဆီမှာလဲ ဘာထူးလဲ ။ အုပ်ချုပ်သူတွေ အသုံးမကျတော့ ဗမာတွေကို မုန်းတယ် ဖြစ်ရော။ တကယ်က အဲဒီမုန်းစရာ အစိုးရထဲမှာ လူမျိုးစုံပါနေတာပဲ။ ဗမာတခုတည်းမှ မဟုတ်တာ။
ဗီဒီယိုဖိုင်ကို ခံစားလိုက်ရတော့ မြန်မာ့အရေးလဲ လိုက်မဖတ်ချင်တော့ဘူး ။ အိပ်မယ်ဆိုပြီး နေ့ခင်းဘက် မအိပ်စဖူး အိပ်ပစ်လိုက်တာ ညနေ ၄နာရီခွဲမှ နိုးပါတယ်။
.......
ခုတလော အပြောင်းအလဲဖြစ်ဖို့ အခြေအနေကို ရောက်နေပြီလို့ကြားထားတာကနေ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာဏာပိုင်တွေက သိမြင် နားလည်တဲ့ပုံစံ မပြောင်းသ၍တော့ စစ်မှန်တဲ့ ပြောင်းလဲမှု ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဗွီအိုအေက သတင်းတပုဒ်ဖတ်ပြီး လူလဲ ယောင်တောင်တောင်ဖြစ်သွားပြန်ပါရော။
ဒီလူတွေက ဘယ်တော့မှ အမှန်မြင်မယ့်လူတွေမှ မဟုတ်တာ။
မြစ်ဆုံက ငါသိငါတတ် ဆရာကြီးလဲ လွှတ်တော်တင်မယ် ဆိုတာ သဘောတူတယ် ဖြစ်နေတာလဲ ဖဘထဲ ဖတ်ရပြန်ရော။ ဒါလဲ အဲလိုစုံစမ်းဆဲ လွှတ်တော်က မဆုံးဖြတ်ခင်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားမလားလဲ မပါသေးဘူး။ ဟိုမှာတော့ ဘာမှမရှိတဲ့ တောင်ကတုံးဖြစ်နေတာ တရုပ်က တင်တဲ့ ဗွီဒီယိုဖိုင်မှာ ကြည့်ထားရတော့ စိတ်ပူစရာက လျော့ကျမသွားဘူး။

အင်းလေ.. ကိုယ်လဲ ဘာတတ်နိုင်မှာလဲ... ဘာလုပ်နိုင်မှာလဲ စိတ်တောင် ပျော့ချင်သလိုလို ဖြစ်သွားရသေး။

ဒါနဲ့ ညစာ စားဖို့ ထမင်းအိုးတည်ပြီး ကြက်ဥကြော်တယ်။ အိမ်မှာ ရှိတဲ့ ဘာလချောင်ကြော်နဲ့ သံပုရာသီးကို သေးသေးလေးတွေ စိတ်ပြီးတွဲ စားလိုက်တယ်။ သားသားကတော့ ဖတ်ကဖောင်း ဆိုတဲ့ ထမင်းပေါ် ထိုင်းဟင်းပုံထားတာ စားမယ်ဆိုလို့ ၀ယ်ပေးလိုက်တယ်။ အိမ်က ကြက်ဥကြော်နဲ့ တွဲစားခိုင်းလိုက်တယ်။
ဒီလိုနဲ့ တနင်္ဂနွေ ပိတ်ရက်က ကုန်သွားတယ်။ ခါတိုင်းလို ဘာဟင်းမှ ချက်မထားဖြစ်လိုက်ဘူး။ နက်ဖြန်တော့ ဈေးသွားဦးမှ။


ဒီရက်ပိုင်းတော့ တော်တော်ပျင်းနေတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

7 comments:

kay said...

အမ..ဖက်ကဖောင်..ကျမလဲ သိပ်ကြိုက်..
ပျင်းတဲ့ နေ့ မှာ..ဟင်းမချက်ပဲ.. ဘလော့ဂင်းတယ်ပေါ့..း)

သက်ဝေ said...

ဖတ်ကဖေါင်း မူ ခိုင်ဒေါင်း နော် အမ... စားချင်လိုက်တာ...
ပြီးတော့ မနက်စာကို မုန့် ဟင်းခါးဆိုင်က အသုပ်စုံ ဝယ်စားတယ်ဆိုတာကို သိပ်သဘောကျသွားတယ်...
(လောလောဆယ် ဗိုက်ဆာသလိုလို ဖြစ်နေလို့  အစားအကြောင်းပဲ ပြောမိတယ်... ဟိ)

သိင်္ဂါကျော် said...

ပျင်းတဲ့ နေ့မှာ ဘလော့ဂင်းတာ အကောင်းဆုံးပဲ.. :)

rose of sharon said...

မနက်ကချက်ထားတာလေးတွေ ဓာတ်ပုံရိုက်ပြီးတင်ပါလားအမရယ်... သွားရည်ကျချင်လို့...

ကိုပေါ said...

ယောင်တောင်တောင် မဖြစ်ပါနဲ့ခင်ဗျာ။ ဖြည့်တွေးပြီး နားလည်ပေးလိုက်ပါ။ ဘာလိုလိုနဲ့ ပထမအကြိမ်တွေ့တဲ့နေ့က စရေတွက်ရင် တစ်လတင်းတင်းပြည့်သွားပါပေါ့လား။ ဘယ်တော့ထပ်တွေ့ခွင့်ရဦးမလဲမသိ။ နက်ဖြန်သို့မဟုတ်ဘယ်သောအခါ။

s0wha1 said...

အဲဒီဗွီဒီယိုဖိုင်ကို သမီးလည်း နေ့လယ်က အလုပ်မှာ ကြည့်ပြီး သမီး စိတ်ထဲမှာ ဖြစ်သွားတာနဲ့ အန်တီနဲ့ အတွေးချင်း တူနေတယ်... သမီးလည်း တရုတ်တွေကို မုန်းနေတာ... ခုတော့ သူတို့တွေလည်း သနားစရာ။ တရုတ်အစိုးရကိုပဲ ကြည့်မရတော့ဘူး။ ပြီးတော့ သတင်းမှာ ရေးထားတဲ့ ဘာသာတရား မရှိလို့ အရှက်မရှိဘူး ဘာညာကိုလည်း သဘောမကျပါဘူး။ ဘာသာမဲ့တွေကို အားပေးတာ မဟုတ်ပေမယ့် သူ့မှတ်ချက်က အဓိပ္ပါယ်မရှိဘူး။ သူတို့အော်နေတာက "တရားမျှတမှုကို လိုချင်တယ်" ဖြစ်မလားပဲ... "ဝေါ ယောက်..." ဆိုတာပဲ နားလည်လို့လေ။ ဟိ

ခင်မင်းဇော် said...

ကေ ၊ သက်ဝေ၊ သိဂိ င်္ါကျော် တို့ ပို့စ်အသစ်ကို လာအားပေးတဲ့အတွက် ကျေးဇူးပါ။
ဖောရေ.. ချက်ပြီးရင် ဓါတ်ပုံရိုက်ဖို့ မေ့ မေ့သွားတယ်။
ကိုပေါ...အဲဒီလိုပဲ သူခေါ်မှ သွားတွေ့ရတာကို မကြိုက်တာ။ ကိုယ့်ဘက်မှာ ဘာဖိအားနောက်ခံမှ ရှိမနေသလိုပဲ ဖြစ်နေတယ်လေ။ လိုရင်ခေါ်သုံးနေတဲ့ ဘ၀ကြီးလိုပဲ။
စိုးဝှက်.. အန်တီ အဲဒီပို့စ်ကို ကြည့်ပြီး သူတို့ အော်နေတာ နားလည်ချင်တာ ခု သမီးဘာသာပြန်ပေးထားတာ ကျေးဇူးပဲ။