Wednesday, May 27, 2009

လွန်ခဲ့တဲ့ ၁၉ နှစ်၊ ဒီနေ့ ဒီအချိန်

ဒီနေ့ မေ ၂၇ တဲ့။ လွန်ခဲ့တဲ့ ၁၉ နှစ်ကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၁၉ နှစ် ဒီအချိန်က တညလုံး မအိပ်နိုင်အောင် ပျော်ရွှင်ခဲ့ရတယ်။ အဲလို အပျော်တွေ ရဖို့ ၈၈ က ရင်းနှီးထားခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ ခုလောက် ကြာအောင် ဂတိမတည် လိမ်လည်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ကြုံလဲ မကြုံဖူးဘူးလေ။ နောက်တသက်လုံး ကြားလာခဲ့တဲ့ ၆၂ တို့ ၇၄ ၊ ၇၅၊ ၇၆ တို့တုန်းက ခုလောက်ထိ မအောင်မြင်ခဲ့ဘူးမဟုတ်လား။ ငါတို့တွေ တိုက်တော့ တယ်ဟုတ်ပါလားလို့တောင် အဲဒီအချိန်က ဂုဏ်ယူခဲ့သေးတယ်။

သိပ်မကြာခင်ပဲ ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော် ခေါ်ပေးတော့မလိုလို ၊ ကိုယ့်ဖာသာပဲ ခေါ်နိုင်တော့မလိုလို နဲ့ ဒင်းတို့ စစ်တန်းလျားအပြန်ကို စောင့်နေခဲ့ရတာလေ။
အစပိုင်းမှာလဲ စစ်တပ်က ဘာလုပ်ရမယ်တောင် မသိခဲ့ဘူးထင်ပါတယ်။ စစ်တပ်နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာလဲ ခမောက်က နိုင်ခဲ့တာ ဆိုတော့ သူတို့လဲ ပျာနေတာ ဖြစ်မယ်။

အဲဒီအချိန်တုန်းက ကျမက လူထုရဲ့ ပါဝါကို ယုံကြည်ခဲ့တဲ့ အတွက် ၊ ရွေးကောက်ပွဲ ဂတိတွေကို ယုံကြည်ခဲ့တဲ့အတွက် တကယ့်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံကို မင်းလုပ်အုပ်ချုပ်ချင်သူတွေက အာဏာရူးတွေ၊ လူလိမ်တွေ ၊ဂတိဆိုတာ မသိတဲ့ တိရိစ္ဆာန်တွေ၊ တိုင်းပြည်ကို ဖျက်ဆီးချင်သူတွေ ဖြစ်နေတာကို နောက်ကျမှသိတော့တယ်။


ဒါက ကြိမ်ချောင်းလေး ဆိုတဲ့ ရွာကို အသွား၊
ဒါက ပုသိမ်မြို့ တဖက်ကမ်းမှာ
လှေဆိပ်က တက်တော့ အဲလို စည်းရုံးရေးဆင်းလာသူတွေကို ကြိုဆိုကြတယ်၊
တရွာနဲ့ တရွာသွားရင်း ထမင်းငတ်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တယ်။

အဲဒီတုန်းက ဂျင်းကျောပိုးအိတ်ထဲ ပေါင်မုန့် တထုပ်ထည့်ပြီး နေ့မအား ညမအား( မာရှယ်လော ၁၀ နာရီထိ) တရွာဝင် တရွာထွက်၊ တလမ်းဝင် တလမ်းထွက် ဟောပြောစည်းရုံးမဲဆွယ်ပေါ့၊ မဲကို ဘယ်လိုထည့်ရတယ်၊ ကြက်ခြေခတ်တံဆိပ်တုန်းကို ဘယ်လိုနှိပ်ရမယ်၊ မဲထည့်တဲ့ အခွင့်အရေး ရဖို့ ဘယ်လို ကြိုးစားရင်းနှီးခဲ့ရတယ် ဆိုတာတွေကို ပြောပြကြရတာလေ၊

ကျမက ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေ (၂) ကိုယ်စားလှယ်လောင်း ဦးတင်ချော ရဲ့ နယ်မြေက စည်းရုံးရေးမှုး၊ နောက် ပုသိမ်အနောက်မြို့နယ် မဲအောင်နိုင်ရေးကော်မတီရဲ့ ဘဏ္ဍာရေးမှုး၊ (ဧရာဝတီတိုင်း ကျောင်းသားသမဂ္ဂ မှာလည်း ဘဏ္ဍာရေးမှုးပဲလေ၊ ဗကသ မှာကတော့ ကျောင်းသားချည်းပဲ ဆိုတော့ ၀င်ငွေမရှိတော့ ဘဏ္ဍာရေးမှုးကပဲ အားလုံး စိုက်ထုတ်အကုန်ကျခံရတဲ့ အဖြစ်ပါ၊ ဗကသ ဗဟိုက ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ စည်းရုံးရေး ဆင်းလာရင်လဲ အိမ်မှာပဲ စားသောက်ခဲ့ရတယ်၊ ၀ယ်မကျွေးနိုင်ဘူးလေ၊ မိဘအိမ်ကတော့ ခေါ်ကျွေးလိုက်လို့ ရတဲ့နေရာကိုး)

စည်းရုံးရေးခရီးစဉ်တွေက တလစာ ကြိုတင်ပြီး ရက်စွဲ၊ လိုက်ပါမယ့် လူအတိအကျနဲ့ တိုင်းငြိမ်ဝပ် ပိပြားရေးအဖွဲ့ကို တင်ရတာမို့ ခမောက်အဖွဲ့သွားမယ့် ခရီးစဉ်တိုင်းကို တစည ပါတီ စပါးနှံကလဲ လိုက်လံနှောင့်ယှက် အပြိုင်မဲဆွယ်ပေါ့။ သူတို့က သင်္ဘောစင်းလုံးနဲ့ သွားချိန်မှာ ကိုယ်တို့က လှေစီး၊ လမ်းလျှောက်၊ သူတို့က ကားနဲ့ သွားချိန်မှာ ကိုယ်တို့က စက်ဘီးစီးလမ်းလျှောက်၊ တခါတလေ စက်ဘီးက ကိုယ့်ကို ပြန်စီး၊ သူတို့က ရွာတွေမှာ အလှုပေးပြီး လူစု စည်းရုံးချိန်မှာ ကိုယ်တို့က ရွာခံတွေ ကျွေးတဲ့ ထမင်းစားပြီး စည်းရုံးဟောပြော၊ ဒါပေမယ့်လဲ ထောက်ခံမှုကတော့ အပြတ်အသတ်ပါ။(အဲဒီအကြောင်း ဆောင်းပါးလေး တပုဒ်ရေးဖူးတယ်၊ ပြန်ရှာပြီး တင်ပေးပါဦးမယ်)

ဒါပေမယ့် ဘ၀မှာတော့ အဲလိုမဲနိုင်အောင် မဲဆွယ်တာဝန်ယူစည်းရုံးခဲ့ရတဲ့ အချိန်လေးတွေနဲ့ အတူ ကိုယ်ပါဝင်ထမ်းဆောင်ခဲ့ရတဲ့ အတွက် ပြန်တွေးတိုင်းတော့ ၀မ်းသာ ပီတိဖြစ်ရပါတယ်။ လူတယောက်ဟာ သူ့ခေတ်ကြီးက ပေးအပ်တဲ့ တာဝန်ကို နိုင်သလောက် ထမ်းခဲ့တဲ့အပေါ်မှာတော့ ပီတိဖြစ်ရတာ ဂုဏ်ယူရတာဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး ထင်ပါတယ်နော်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တချို့တွေလဲ ဒီလမ်းပေါ်က လွင့်စင်ကျကြ၊ တချို့လဲ ဖိတ်စင်ခဲ့ရ၊ သူတို့ကိုလဲ သတိတရ ဖြစ်မိတယ်၊

ဒါပေမယ့် ခု လို၁၉ နှစ်ကြာတဲ့ အချိန်မှာတော့ …..သူတို့လိမ်ဆင်ကြီးတွေက ဆက်ရှိနေတုန်း။ အတင်းအဓမ္မ ယူထားတဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေတုန်း။ ခုလဲ ဘာမှ အပြစ်မရှိသူကို လုပ်ကြံ အမှုဆင်၊ တကယ့်တာဝန်ရှိတဲ့ လုံခြုံရေးတွေ ၊ ပြည်ဝင်ခွင့် ပေးလိုက်တဲ့ လူတွေကတော့ ဘာမှတရားစွဲမခံရ။

အော်…. တသက်လုံး ဒီလိုနေရမယ်တော့ မထင်ကြပါနဲ့။ ၀ဋ်ဆိုတာ လည်ကိုလည်ဦးမှာပါ။ အမှန်တရားကလဲ နိုင်ရဦးမှာပါ။ ကိုယ့်အလှည့်ကျရင်သာ……….

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, May 25, 2009

ငါတို့အားလုံးရဲ့အမေ

ရဲဝံ့တဲ့ တည်ငြိမ်မှုနဲ့ အတူ ခိုင်ခိုင်မတ်မတ် ခြေလှမ်းတွေ
ဖြောင့်မတ်မှန်ကန်တဲ့ ဦးဆောင်မှုခြေလှမ်းများဖြင့်

ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။
(ဒေါ်အောင်ဆန်းစုကြည် အသက် ၄၅ နှစ်မြောက် မွေးနေ့အခမ်းအနား ပုသိမ်ဒီချုပ်ရုံးမှာ ရွတ်ဆိုခဲ့ကြတဲ့ သီချင်းပါ။ သူငယ်ချင်း ဗကသ ကျောင်းသားတယောက်ရေးဖွဲ့ခဲ့ပါတယ်။)
အန်တီ....
ဘာမှ မလုပ်ပေးနိုင်တဲ့ဘ၀မို့ ကြေကွဲဝမ်းနည်းရပါတယ်။
ဒါပေမယ့် အာဏာရှင်ကို ဘယ်တော့မှ အရှုံးမပေးပါဘူး။
အသက်ရှိနေစဉ် ရောက်တဲ့နေရာက အတတ်နိုင်ဆုံး ဆန့်ကျင်နေပါ့မယ်။
အန်တီ ကျန်းမာပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, May 17, 2009

အာဏာရူးတွေ ရူးစေဖို့

တမင်အကွက်ချ ဖန်တီးထားတဲ့ဒီအကွက်မှာ ခုလိုပဲ မတရားဘူးလို့ ပြောနေယုံနဲ့ ပြီးသွားမလား။ သူခိုးက လူလိုဟစ်နေတာ မို့ ဘယ်လိုပြောရမယ်ဆိုတဲ့ စကားလုံးတောင် ရွေးချင်စိတ်မရှိတော့။

ဒီပဲယင်းမှာလဲ တကယ့်ကို လုပ်ကြံခဲ့ပေမယ့် ကံကြီးလို့ သေကံမရောက်ခဲ့ရ။ ဒါပေမယ့် မကျေနပ်တဲ့ အာဏာရူးတွေက ရိုက်နှက်သူတွေကိုတော့ တရားမစွဲ အမှုမလုပ်ပဲ သေကံမရောက်ခဲ့တဲ့ ရိုက်နှက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ လူတွေကိုတော့ ဖမ်းဆီးထောင်ချ အကျယ်ချုပ်။ အခုလဲ အကျယ်ချုပ်ထားတဲ့ အကျဉ်းသားရဲ့ အိမ်ထဲကို ခိုးဝင်တဲ့ အမှုမှာ လုံခြုံရေး ယူထားတဲ့ တာဝန်ရှိသူ တွေကိုတော့ အမှုထဲမပါ၊ သတ်မယ့်သူသာ ၀င်ပြီး သတ်သွားခဲ့ရင် ဘယ်လို ပြောမယ် အရေးယူမယ် စဉ်းစားကြည့်ပါဦး၊
ကလေးကစားကွက်တွေနဲ့ ကစားနေပုံ ပြောပါတယ်။

ဒီလိုနဲ့ ခု အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့ နီးကပ်လာပြန်တော့ ယုတ်မာကောက်ကျစ်တဲ့ နအဖက မဖြစ်ဖြစ်အောင် ထောင်ချဖို့ အကွက်ချပြန်တယ်။ ကျမတို့ခေါင်းဆောင်ကို ဒီအတိုင်း ကြည့်နေကြရတော့မှာလား။ မျိုးဆက်တွေကို ဖျက်ဆီးခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၊ ဦးတင်ဦးဆိုတာ၊ ခွန်ထွန်းဦး ဆိုတာ၊ မင်းကိုနိုင်ဆိုတာ ၊ ကိုကိုကြီးဆိုတာ….ဆိုတာ… ဆိုတာ….။
မျိုးဆက်တွေ ကို ဘာမှမသိအောင် နိုင်ငံရေးဆိုတာလူတိုင်းနဲ့ မသက်ဆိုင်ဘူး ထင်လာအောင်၊ ကြောက်လန့်အောင် ၀ါဒဖြန့်ချီနေရင်းကနေပဲ စီးပွားရေး ကျပ်တည်းမှုကြောင့် ကိုယ့်တကိုယ်ရည် အဆင်ပြေနိုင်မယ့် ကြံဖွတ်တွေ စွမ်းအားရှင်တွေ များလာနေခဲ့ပြီ။

တချိန်တည်းမှာပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကနေ စစ်တပ်ဆိုတာ ဒီလိုကမ်းကုန်အောင် မိုက်တယ်လို့ ပြလိုက်တဲ့ အခါ….
၂၀၀၈ နာဂစ်မှာ ဒုက္ခရောက်နေတဲ့ ကိုယ့်ပြည်သူလူထုကို မကြည့်ပဲ ကိုယ့်အာဏာတည်မြဲဖို့ ဆန္ဒခံယူပွဲကို အတင်းပြုလုပ်၊ လိမ်ချင်တိုင်း လိမ်လို့ရအောင် မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီမယ့် နိုင်ငံခြားအဖွဲ့တွေ၊ သတင်းထောက်တွေ ကို ၀င်ခွင့်မပေးပဲ ထားလိုက်တဲ့အခါ…
အလောင်းကောက် သဂြိုလ်တဲ့ အမှုကို လုပ်ပေးနေတဲ့ သူတွေကို ဖမ်းဆီးထောင်ချ… လိုက်တဲ့အခါ….
လူမှုကယ်ဆယ်ရေးလုပ်နေသူတွေကို ဖမ်းဆီးထောင်ချ…လိုက်တဲ့အခါ…
တို့နိုင်ငံက စစ်တပ်ဆိုတာ ဒါပဲလို့ ခု မျိုးဆက်တွေက သိသွားခဲ့ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ့် အာဏာရူးများနဲ့ ၂၀၁၀ ကို ၀င်ချင်နေတဲ့ အာဏာရူးများကို သတိလေးတော့ ပေးချင်ပါတယ်။ ၁၉၆၂ ကနေ ဒီကနေ့ ၂၀၀၉ ထိ ကျဆုံးခဲ့ရတဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ သွေးကျိန်စာကို သင်တို့မမေ့ပါနဲ့၊

အိုးးးး စစ်အာဏာရူးများးးးး၊ အကယ်ဒမစ် အာဏာရူးများ
ဝဋ်ဆိုတာ ဘယ်လိုလည်တယ်။ အမှန်တရားဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူးဆိုတာ သင်တို့ သိလာရပါတော့မယ်။ ပြည်သူလူထုက ဒဏ်ခတ်တတ်ပါတယ်။ သမိုင်းမှာ ဘယ်သူတွေ ဘယ်လို တင်ကျန်ခဲ့မယ် ဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ဒီမိုကရေစီလိုလားသူ မိတ်ဆွေ ရောင်းရင်းတို့…
ဒီနေ့ ဒီအချိန်က စတင်ပြီး ကိုယ်ရောက်ရာ နေရာကနေ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ဆက်နွယ်နေသမျှ အရာအားလုံးမှာ…
မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ… ဖို့ လိုအပ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုရင် သူ့ကို ထောက်ခံချင်တယ် ဆိုရင်တော့ သူ့ပြောစကားကို နားထောင်ဖို့ လိုပြီ ထင်ပါတယ်။ အားငယ်စရာမလိုဘူး။ ဆုတောင်းနေစရာမလိုဘူး။ လက်တွေ့ကျင့်သုံးပေးဖို့သာ လိုပါတယ်။

မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ

Tuesday, May 12, 2009

ပါလီမန်တွင်းအလည်တခေါက်

နော်ဝေး ခရီးစဉ်ထဲမှာ ပါလီမန်ထဲကို ရောက်ခဲ့တဲ့အကြောင်းလဲ ပြောပြချင်သေးတယ်။
အမျိုးသမီးအခွင့်အရေး နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း လုပ်ဖို့ နော်ဝေးအမျိုးသမီး တဦးကို ရှာတော့ နော်ဝေးအမျိုးသမီးလှုပ်ရှားမှု တွေမှာ ခေါင်းဆောင်တဦးဖြစ်ပြီး ပါလီမန်အမတ်တဦး ဖြစ်ခဲ့တဲ့ အသက် ၇၀ကျော် အမျိုးသမီးကြီးတယောက်နဲ့ ဆက်သွယ်မိတယ်။ သူကပဲ ပါလီမန်ထဲကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်။ အထဲကို သူ့ဧည့်သည်အဖြစ် ၀င်ခွင့်ကဒ်ပြား လုပ်ပေးပြီး အဲဒီမှာပဲ အင်တာဗျူးတာပေါ့။
ပါလီမန်အဆောက်အဦး ရှေ့က ရုပ်တုတွေကလဲ စိတ်ဝင်စားစရာပဲ။
ပြီးတော့ သူက ပါလီမန်အထဲကို လိုက်ပြတယ်။ ပါလီမန်အစည်းအဝေးခန်းမ၊ မဲပေးပုံစနစ်၊ သတင်းသမားတွေကို ပါလီမန်အမတ်တွေနဲ့ မျက်နှာချင်းဆိုင်က စင်မြင့်မှာ ထားပုံ။ သတင်းလွတ်လပ်ခွင့် ဘယ်လို ဆိုတာတွေပါ လက်တွေ့ လိုက်ပြတယ်။ အဲဒီလို လိုက်ပြတော့ ကျမတို့ကို ကင်မရာတွေနဲ့ဆိုတော့ ပါလီမန်အစည်းအဝေးခန်းမကို ရိုက်ခွင့်မပြုဘူး လို့ ပြောထားတယ်။ ဒါပေမယ့် ခန်းမထဲရောက်တော့ အဲဒီအမျိုးသမီးကြီးက ငါသာနင်တို့နေရာမှာဆို ဓါတ်ပုံ ရိုက်မိမှာပဲတဲ့။ ကျမတို့ကလဲ စကားနားထောင်ပြီး ရိုက်သလားမမေးနဲ့။

ပါလီမန် အစည်းအဝေးခန်းမ၊ လျို့ဝှက်မဲပေးစနစ်ကို ကိုယ့်ထိုင်တဲ့ ခုံမှာပဲ တပ်ထားတာ တွေ့ရမယ်။

ပါလီမန်အမတ်တဦးဖြစ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ခေါင်းဆောင်လှုပ်ရှားခဲ့သူ
သူနဲ့ အတူ ပါလီမန်အပေါ်ကို တက်တဲ့ လှေခါးမှာ ကျမတို့ကို လူတယောက်နဲ့ သူက မိတ်ဆက်ပေးသေးတယ်။ အသက်ခပ်ငယ်ငယ်နဲ့ နော်ဝေးတရားရေးဝန်ကြီးတဲ့။ ဖော်ရွေလိုက်သမှ လက်ဆွဲနှုတ်ဆက်၊ စကားတွေပြောလို့ ခပ်ပြုံးပြုံးနဲ့။ ပြီးတော့ ဒီအဆောက်အဦထဲမှာ ရောက်တုန်း ရောက်ခိုက် နှံ့စပ်အောင် ကြည့်သွားပါလို့ ပြောသေး။ သူနဲ့ ဓါတ်ပုံတော့ မရိုက်ဖြစ်လိုက်ဘူး။

အကုန်လိုက်ကြည့်ပြီးတော့ အဲဒီအဆောက်အဦးထဲက စားသောက်ဆိုင်မှာ နော်ဝေးအစားအစာနဲ့ ကျွေးမွေးဧည့်ခံလိုက်သေးတယ်။

အာလူးကိုအဓိကထားတယ်၊ နောက် မြင်ရတဲ့အထဲမှာ ကြိတ်သားတွေကို ဂေါ်ဖီနဲ့ ထုပ်ထားတာလဲ ပါတယ်။ စားတော့ စားတာပဲ။ ဒါပေမယ့် မကြိုက်ဘူး။ ရေသောက်မယ် ဆိုပြီး ရေဘူးယူလိုက်တုန်း ဆော်ဒါရေချည်းပဲ ။ သိပ်ခက်တယ်။ ဆော်ဒါကိုလဲ ရေအဖြစ်သောက်ရတာ မကြိုက်မိပါဘူး။

ခုလိုပဲ နော်ဝေးနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်းဆီကိုလဲ အင်တာဗျူးသွားရိုက်ဖြစ်သေးတယ်။ သူက ခုတော့ လူ့အခွင့်အရေးကို ဇောက်ချလုပ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူပေါ့။ အန်တီစုနဲ့ တွေ့ဆုံဖူးတယ်။ မနှစ် နှစ်ကုန်ခါနီးက အန်တီစု လွတ်မြောက်ရေးအတွက် နိုင်ငံခေါင်းဆောင်ဟောင်းတွေ လက်မှတ်ထိုးပြီး ယူအန်ကို တင်တဲ့ လှုပ်ရှားမှုကို သူဦးဆောင်တယ်။

ဘာပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ အားပေးတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးကပါတယ်။ ဒါကြောင့်လဲ ဒီဗွီဘီကို နော်ဝေးနိုင်ငံမှာ အခြေစိုက်ခွင့်ပေးခဲ့တာပေါ့။
သူတို့နိုင်ငံရဲ့ လူ့အခွင့်အရေးကို အလေးထားမှုတွေ ကို အားကျလေ့လာခဲ့ရင်း၊ ကိုယ့်ပြည်သူတွေကို ရင်ဝယ်သားလို သဘောထားခြင်း စတာတွေကို ကြည့်မြင်ခံစားရင်း လူကိုလူလို မဆက်ဆံတဲ့၊ လူတန်ဖိုးကို နားမလည်တဲ့ လူဆိုးဗိုလ်တွေ လက်အောက်က ကျမတို့ရဲ့ ရွှေပြည်ကြီးကို အမြန်ဆုံး လွတ်မြောက်ချင်တော့တာပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, May 5, 2009

တွေ့ချင်တဲ့ ၁၀ ယောက်ဆိုပေမယ့်...

ဘလော့ရပ်ဝန်းမှာ တွေ့ဖူးချင်သူများ ဆိုတဲ့ ပို့စ်ကို လေနုအေးရဲ့ သခင်မ မတန်ခူးက တဂ်လာပါတယ်။ တွေ့ဖူးချင်သူတွေ ရေးရရင် အများကြီးမှ အများကြီးပါ။ ကျမအားတဲ့အချိန်တွေမှာ ဘလော့တခုကနေ တဆင့်ပြီးတဆင့်သွားဖတ်တတ်တာမို့ တခါတလေ ကိုယ်ဖတ်မိတဲ့ ဘလော့ပြန်သွားဖို့ဆိုရင် ဘယ်ကနေ သွားရမယ် မသိတောင် ဖြစ်တတ်ပါတယ်။ အသီးသီး ရေးနေကြတာတွေများ ဖတ်လို့ ကောင်းကောင်းနဲ့ ဖတ်နေတာ တခါတလေ မိုးလင်းခါနီးထိ ဖြစ်သွားတတ်ပါတယ်။ ကျမက အတင်းရယ်ရအောင် ရေးတဲ့ပို့စ်တွေ မကြိုက်တတ်ပေမယ့် သရော်တော်တော် ထေ့လုံးတွေကိုတော့ ကြိုက်တတ်တယ်။
ဒီလူတွေကို တွေ့ဖူးချင်တယ်။ ပြီး....စားစရာတွေ လုပ်ရင်းစားရင်း ပြောရင်းပေါ့နော်...

ဘလော့မလုပ်ခင်ကတည်းက ဘလော်ဂါ စိုးဝှက်ကလေးကို အွန်လိုင်းမှာ မေငြိမ်းကြောင့် သိခဲ့ရတာပါ။ သူက အဲဒီတုန်းက ကယားလူမျိုးအကြောင်းရေးနေတာမို့ ကိုယ်လဲ ကယားပြည်နယ်နေခဲ့ဖူးသူအဖြစ် သူသိချင်တာတွေ မေးရင်း နောက်ပိုင်း ဘလော့လုပ်ဖြစ်တော့ တော်တော်ကူညီပေးခဲ့သူပါ။ အဲဒီအချိန်တွေတုန်းက သူပို့စ်တွေ သိပ်တင်နိုင်ခဲ့ရက်နဲ့ ခုတော့ အပျင်းရောဂါ စွဲကပ်နေရှာပြီ။ စာရိုက်ရင်း ဂျီတော့က စကားပြောရင်း တခါတလေ ဓါတ်ပုံလေးတွေ အပြန်အလှန်ဖလှယ်ရင်း တကယ့်တူမတယောက်လို ဖြစ်သွားခဲ့တာ သူ့မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ်၊ ကိုယ့်မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ် နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားရင်း ပျက်ပျက်သွားရတာတွေ ရှိခဲ့ပြီ။ သူ့ကိုတော့ လူကိုယ်တိုင် မြင်ဖူးချင်လှပြီ။

နောက်တယောက်ကတော့ ဘလော်ဂါ ရန်အောင်ပါ။ အာဇာနည်နေ့ မေလှမြိုင်သီချင်းတင်ဖို့ စာသားကို သူတယောက်တည်းနားထောင်ရင်း နားမလည်နိုင်လို့ ကူနားထောင်ပေးခိုင်းတာကို သတိရမိပါတယ်။ သူက ကျမဘလော့ကို စတင်လုပ်ချိန်က တော်တော်ကူညီပေးခဲ့သူပါ။ ဓါတ်ပုံမြင်ဖူး အသံကြားဖူးပေမယ့် လူကိုယ်တိုင်မြင်ကြည့်ချင်ပါသေးတယ်။ သူ့ရည်းစားတွေ အကြောင်းရေးနေတုန်းက အဲဒီပို့စ်ပြီးရင် အမတို့ကို တက်ဂ်ပစ်မယ် ပြောခဲ့ဖူးပြီး သူလဲ အဲဒီပို့စ်မပြီးခဲ့ဘူးထင်ပါရဲ့။ ဘလော့ပေါ်မှာ သွားသွားဖတ်ပေမယ့် ခြေရာမချန်ဖြစ်ခဲ့ပါ။ သူလဲ တချိန်က ကျောင်းသားတပ်မတော်အပေါ် မှားယွင်းစွာ ပို့စ်တင်ခဲ့ဘူးပေမယ့် သိတဲ့အချိန်မှာ တောင်းပန်ရင်း ပြန်ဖြုတ်ခဲ့ဖူးတာမို့ လေးစားဖွယ်ရာ လူငယ်တယောက်အဖြစ် မှတ်ယူထားပြီး ဆုံတွေ့ချင်ပါတယ်။

ဘလော့ကို စွဲခါစကတော့ သူ့ဘလော့လေးကိုသွား သူတင်ထားတဲ့ သီချင်းတွေ ဖွင့်ရင်း နောက်ထပ်ဘလော့တွေကို လိုက်ဖတ်ဖြစ်ခဲ့တယ်။ သူကတော့ မလေးလို့ ခေါ်တဲ့အိမ်ချမ်းမြေ့။ သူ့ဘလော့ကို နေ့တိုင်းမရောက်မရှိ။ သူအဆုံးမသတ်တဲ့ ၀တ္ထုတိုတွေကို ကိုယ့်ဖာသာ စိတ်ကူးနဲ့ အဆုံးသတ်ပစ်လိုက်တာလဲ အကြိမ်ကြိမ်။ ဘာပဲပြောပြော သူ့ကိုလဲ တွေ့ချင်တာမှ အရမ်း။ ချက်တင်မရှိ မေးလ်အဆက်အသွယ် မရှိပေမယ့် ဘာ့ကြောင့်မှန်းမသိ ခင်တွယ်မိနေသူ။ တွေ့ချင်တဲ့စာရင်းထဲ မလေးကို ထည့်ထားပါတယ်။

သူ့ဆီက တဆင့်သွားခဲ့ဖူးတဲ့ သိုးမလေး ဆိုတဲ့ ဘလော့တခုကို လိပ်စာမမှတ်မိတော့တာမို့ ခုချိန်ပြန်ရှာလို့မတွေ့မိတော့။ သိုးမလေးအဖေပြောခဲ့တဲ့ ကြယ်လေးတွေပုံပြင်၊ သိုးမလေးဖေဖေ မရှိတော့တာ စသဖြင့် ၀င်ဖတ်နေရင်း ငြိတွယ်ခဲ့ရတဲ့ ဘလော့လောကက သိုးမလေးကို ဘယ်လိုပြန်ရှာရမယ် မသိတော့ သူရှိရော ရှိနေသေးလား သိချင်ပြန် နောက်တဆင့်တက်လို့ တွေ့ချင်ပြန်။ သူဟာ သူရေးထားတဲ့အတိုင်း ဒါမှမဟုတ် ကိုယ့်ဖာသာယူဆမိတဲ့အတိုင်း စကားမပြောနိုင်တဲ့ ကလေးမလေးလား ခုထိ ရင်ထဲမှာ မြင်ချင်တွေ့ချင်မိတုန်း။

နောက် ဘလော့အဦးကာလတွေက ရေးသားခဲ့ဟန်တူပြီး အင်္ဂလန်မှာ ရှိနေတဲ့ ဘလော်ဂါတယောက်ကို အရင်က လင့်ထားဖူးပေမယ့် သူပို့စ်အသစ်မတက်တော့တာကြောင့် ဖျက်လိုက်မိတာ သူလဲ ဘယ်ရောက်နေတယ် မသိ။ spritcorner ဆိုတဲ့ သူ့ဘလော့လေးကတော့ ဘလော့ကမ္ဘာလေးထဲ ရှိနေဆဲ။ သူကိုလဲ တွေ့ဖူးချင်တယ်။ ရွှေဝါရောင်ကာလကို သူအမြင်နဲ့ ပုံဖော်ခဲ့တာလေး သတိရနေတယ်။

သူနဲ့တွဲသတိရတာက ကြာပီ ။ သူ့ကိုလဲ ကျမက သီချင်းတွေ တောင်းဖူးတယ်။ မေးလ်ထဲကနေ ကိုအံ့ကြီးသီချင်းတွေကို ပို့ပေးဖူးပြီး နောက်ပိုင်း ပို့စ်တွေ ပြန်တက်တာ တွေ့ရတယ်။ ဒါပေမယ့် တော်တော့်ကို နည်းပါတယ်။ သူ့ဘလော့မှာ တင်ထားတဲ့ အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ကြားဖူးပါစ ဆိုတဲ့စာသားလေးကို သဘောကျနှစ်ခြိုက်လွန်းတာမို့ သူ့ကိုလဲ တွေ့ချင်တယ်။ အံ့သြစရာက သူက ဘလော်ဂါ ပေါက်နဲ့ ညီအမတော်နေတာကို သူ့ပို့စ် ဖတ်ရင်းသိရပါတယ်။ ပေါက်နဲ့ ချန်ချန်းကို လဲ ပေါက်ရဲ့ ဘလော့သွားဖတ်နေရင်း ရင်းနှီးနေတာမို့ သူရေးတဲ့ ချန်းချန်းကို ထင်မိနေတုန်း နုသွဲ့ကောမန့်တွေ့တော့ ကြိမ်းသေသွားတာပေါ့။ သူတို့တွေကိုလဲ တွေ့ဖူးချင်တယ်။

အင်္ဂလန်ဘလော်ဂါထဲ တဆက်တည်း နုသွဲ့ကိုလဲ တွေ့ချင်တာပါပဲ။ စိတ်ရောဂါနဲ့ ပတ်သက်တာတွေ သူ့ကို မေးချင်လို့ပါ။ စိတ်ဒဏ်ရာ သမားတွေကို ဘယ်လို ဖြေသိမ့်ပေးရမလဲ သိချင်တာပေါ့။ သူချက်ကျွေးတာတွေစား ပြီး ကိုယ်သိချင်တာတွေ မေးလို့ရရင် သိပ်ကောင်းမှာပဲနော်။

ကလိုစေးထူးကိုတော့ သူနာမည်ရင်းပြောတော့မှ သူ့အမျိုးသမီးကို သိနေပြန်တယ်။ လူချင်းသိတာမဟုတ်ပဲ နာမည်ကြားဖူးတာပဲ ဖြစ်ပေမယ့် သူကိုလဲ တွေ့ချင်မိတယ်။ သူက စိတ်ဝင်စားအောင်ရေးတတ်တာမို့ ခေတ်ပြိုင်ဆောင်းပါးတွေကနေတဆင့် သိနေခဲ့ ပြီးဘလော့ကို ၀င်ဖတ်ဖြစ် ဒါပေမယ့် ကောမန့်တော့ ရေးခဲပါတယ်။ ခုဆိုသူက ကလေး တယောက်နဲ့လို့ သတင်းကြားမိတယ်။ ဒါ့ကြောင့်များ အရင်လို ပို့စ်တွေ သိပ်မတက်တော့တာလားမသိပါ။

ကဒေါင်းညင်သာ ကိုတော့ မြန်မာတီးရှော့မှာ စတင်သိကကျွမ်းခဲ့တာ။ အဲဒီထဲမှာက နာမည်တမျိုးဆိုတော့ သူကတော့ သိမှာမဟုတ်။ အဲဒီမြန်မာတီးရှော့က နေ ကလူသစ်၊ ကိုထိုက်၊ ကိုပေါ၊ ကိုမောင်ရင်။ ကိုသင့်။ ကိုဖိုးဇေ၊ နစ်နေမန်း၊ မသဒ္ဓါ တို့ တွေ ခုတော့ဘလော့လုပ်ကြပြီ။

ကိုပေါက ကျမထက်နောက်ကျပေမယ့် သူ့ရဲ့ တီးရှော့က စာတွေက ခုထက်တောင် လက်စောင်းထက်သေး။ သူနဲ့ ကျမက တခြားလူတွေလို ၈ျီတော့အဆက်အသွယ်မရှိ။ ဒါပေမယ့် သူရဲ့ အယူအဆတွေ နဲ့ တင်ပြရဲတဲ့ သတ္တိကို ကျမက သဘောကျတယ်။ သူ့အယူအဆထဲ တချို့မတူတာတွေတော့ ၀င်ပြောတယ် တူရင်တော့ သိပ်မပြောတော့ဘူး။ ဒီလိုလူတွေ လိုအပ်တယ် ဆိုတာ ယုံကြည်တယ်။

ကဒေါင်းက ခုနောက်ပိုင်း ပို့စ်အသစ် သိပ်မတက်နိုင်တော့။ ဒါပေမယ့် သူ့အတွေးတွေကိုတော့ ကျမက သဘောကျ ဒီတော့ တွေ့ချင်တဲ့စာရင်းထဲ တို့ထားလိုက်ပြီ။ အဲဒီမြန်မာတီးရှော့က တဖွဲ့လုံးကိုတော့ တွေ့ချင်တာ အမှန်တကယ်။

အဲဒီတုန်းက ကလူသစ်တင်ထားတဲ့ ပုံလေးက ကွန်ပျူတာမှာ အသည်းအသန် အလုပ်လုပ်နေတဲ့ပုံ။ ကိုပေါက သမိန်ပေါသွပ်ပုံ။(ကောမန့်မှာ ကိုပေါက ၀င်ပြင်ပေးထားတယ်။ သူက ညောင်ရမ်းဂွတိုတဲ့ ဟုတ်ပ။ ဘယ်လိုမေ့သွားတယ် မသိ။ လေးဂွပုံတဲ့ ပြင်ဖတ်ပေးနော်။ ခုရေးတာအမှန်) ခုတော့ ကိုသင့်ကလဲ ဘလော့ပေါ်တက်မလာတော့။ မအားလပ်ဖူးထင်ပါရဲ့။ ကလူသစ်ရဲ့ ခပ်ထေ့ထေ့ အရေးတွေကို ကျမက အမြဲတမ်းဝင်နောက်လိုက်ရမှ။ သူ့သမီးလေးကလဲ ချစ်စရာကိုး သူ့ဘလော့က ရောက်ဖြစ်နေရော။ ခုတော့ သူကလဲ တာ့တာတဲ့။ သူ့ကိုတွေ့ရင်တော့ ဒီလိုထေ့တတ်အောင် ဘယ်လိုကျင့်ခဲ့လဲ သိချင်တယ်လို့ မေးဦးမှာ။

ကိုမောင်ရင်ကတော့ဆောင်းပါးတိုင်း ကောင်းလွန်းလို့ မဖတ်ရမနေနိုင်။ သူကလဲ ကျဲသလားမမေးနဲ့။ သူ့ကိုလဲတွေ့ချင်တယ် ဘာ့ကြောင့် ဒီလောက် အတွေးအရေးကောင်းရတာလဲ ဘာကြောင့် တပြားမှ မရနိုင်တဲ့ ဘလော့ကနေ ဒီလိုစနစ်တကျ သုသေတနတွေ လုပ်ပြီး ဆောင်းပါးရေးတာလဲ မေးကြည့်ချင်လို့ပါ။ ပြီးတော့ ကျမက အဲဒီလို ရေးတတ်ချင်တယ်လေ။

ဘလော့စတင်ခါစက ပုထုဇဉ် ဆိုတဲ့ ဘလော့လေးကိုလဲ အရမ်းကိုကြိုက်နှစ်သက်ခဲ့။ သူ့ပို့စ်တွေကို ကူးယူမထားမိတာ နောင်တအခါခါ။ ဒါပေမယ့် ပန်ပန်က သူယူထားတယ် လို့တော့ ပြောဖူးရဲ့။ သူတို့ကိုလဲတွေ့ချင်တာပဲ။ ဆက်ထုံးကဗျာလေး ပြန်လာရေးပြီး တခါပြန်ပျောက်သွားတဲ့ ဘလော်ဂါ မိုးညိုရော ဘယ်တွေ ရောက်နေလဲ။ ဘလော်ဂါ စစ်အိမ်။ ညီညီသံလွင်။ မြန်မာအိုအေစစ် သူတို့တွေကိုတော့ ရွှေဝါရောင် ကာလတွေမတိုင်ခင်လေးမှာ အမှတ်တရ ရှိခဲ့ပြီး သွားသွားဖတ် လင့်တွေတောင် ချိတ်ထားခဲ့ဘူးတယ်။ သူတို့တွေနဲ့ တွေ့ချင်ပြန်သေးတယ်။

ကျမက ပျောက်သွားသူတွေကိုတမ်းတသလိုများ ဖြစ်နေပြီလား။နောက်ကျမ တက်ဂ်လုပ်ခဲ့ဘူးပြီး အရင် ချက်တင်လဲ အဆက်အသွယ်ရှိခဲ့ဘူးတဲ့ ဘလော်ဂါတယောက်ရှိပါသေးတယ်။ avril ဆိုတဲ့ နာမည်နဲ့ ဘလော့လေးပေါ့။ နောက်ပိုင်း ချက်တင်ကရော ဘလော့မှာပါ ပေါ်မလာတာ ကြာလှပေါ့။

နောက် စာရေးကျဲပေမယ့် တက်လာတဲ့ ပို့စ်တိုင်းကောင်းတဲ့ see and be seen။ သူ့ဘလော့ကို သိခါစက သူငယ်ချင်းတွေကို လိုက်ကျေညာခဲ့သေးတယ်။ သွားဖတ်ပါ ကောင်းလွန်းလို့ ဆိုပြီးလေ။ တွေ့ချင်တယ် မိဘလုပ်ကျွေးတဲ့ ဘလော်ဂါကို။ လီယိုမလေးနဲ့လဲ မြန်မြန်ဆုံစေချင်ပါတယ်လေ။

နောက် သမီးတယောက် ကောက်ရခဲ့တာလဲ ဒီဘလော့ဝန်းကျင်ထဲကပဲပေါ့။ သူကတော့ လင်းလက်ကြယ်စင်။ သူတို့ မင်္ဂလာမဆောင်ခင် သမီးရည်းစား ဘ၀ကတည်းက ကျမက မြှောက်ပေးနေကျ။ ဘာလုပ်မပေးရင် ဘယ်လို လုပ်ပစ် အဲဒီင်္လို….ိ။ ကိုအောင်မိုးနိုင်ရေ ခွင့်လွှတ်ပါ။ စလုံးမှာ မင်္ဂလာ မဆောင်ဖြစ်ခဲ့ရင် မဲဆောက်မှာ လာဆောင်ဖို့ထိ တာဝန်ယူထားခဲ့တဲ့ သမီးပေါ့။ ခုတော့ သူက ပျော်ရွှင်လို့ သူနဲ့ လူချင်းတော့ တခါမှမဆုံဖြစ်သေး။ တွေ့ချင်တယ်။

သူ့လိုပဲ တီတီလို့ခေါ်တဲ့ သားတယောက်လဲ ဖင်လန်မှာ ရှိသေးတယ်။ နော်ဝေးရောက်တုန်းက သူ့ဆီလာလည်ဖို့ ခေါ်ပေမယ့် မရောက်ဖြစ် ။ မင်းမင်းလို့ ခေါ်တယ်။ သူ့ဘလော့လေးမှာ စာလုံးပေါင်းမှားတာတွေ ပြင်ပေးဖို့ သူက ဖိတ်ခေါ်နေကျ။

အဲဒီနောက်တော့ ပန်ပန်(သူ့ရဲ့ ကဗျာတွေကို ကျမက အသည်းစွဲ)
နေနေနိုင် (သူရေးတာ ဘာမှ မဟုတ်ဘူးပြောလဲ ကြိုက်တာပဲ)
ခင်မမမျိုး( သူ့ဘလော့က ဆောင်းပါးတွေ ကြိုက်လွန်းလို့ နောက်အသစ် တင်တိုင်းမေးလ်ထဲ ပို့ပေးဖို့ တောင်းဆိုထားရသူ)
ပန်းခရမ်းပြာက မချို ဆိုလဲ သူ့ဘလော့လေး ၀င်ဝင်ဖတ်နေတာ ကြာပြီ။ ည၀တ်အကျီ င်္တွေကို အပြင်ဝတ်နေတာ သူရေးတဲ့ပို့စ်ကျမှ ကောမန့်ဝင်ရေးမိတာလေ။ သူ့လိုပဲ ပြောချင်နေတာ ကြာနေတဲ့အချိန် သူရေးတာတွေ့တော့ ၀မ်းသာအားရ။
ရွှေဂျမ်း ….သူ့ဘလော့ကို သွားတော့ သူ့အရေးအသားမှာ နစ်မြော သူ့ပန်းချီတွေကို စွဲလန်း ဒါနဲ့ ခဏခဏသွားချောင်း
လင်းးးး သူကတော့ အလွမ်းဘုရင်မ ဘယ်လိုနာအောင်ပြောပြော လွမ်းကောင်းဆဲ သူ့ကိုလဲ သူ့ပို့စ်တွေကနေ ညီမတယောက်လို ချစ်ခင်မိ အဆင်ပြေစေချင်မိ၊
ယုဝရီကို ဒေါက်တာ ရီရီဝင်းအဖြစ် ဘလော့ဝင်ဖတ်ရင်းက သူ့ဘလော့နာမည်ပြောင်းလိုက်တော့ ကြိုက်လိုက်တဲ့နာမည်။ ဒီနာမည်လှလှလေးရွေးတတ်ပါ့ပေါ့။ သူရေးတဲ့ ၀တ္ထုတပုဒ်ကို ကိုယ်တွေ့ရေးတယ်ထင်ပြီး ကောမန့် သွားပေးဖူးသေးတယ် ။ အားနာလိုက်ပါဘိ။ သူ့ပို့စ်တွေကလဲ ပြည်တွင်းက အခြေအနေတွေကို ထင်ဟပ်တာမို့ ကြိုက်တယ်။ အပြင်မှာ တွေ့ရရင်တော့ တိုးတိုးတိတ်တိတ် မေးချင်တဲ့ စကားလေးတွေ ရှိပါ့။
သူ့လိုပဲ ကောမန့်မှားပေးမိတဲ့ တယောက်ရှိသေး ။ သက်ဝေပေါ့။ ၀တ္ထုတိုလို့ တပ်ထားတာ မတွေ့ပဲ စီဘောက်မှာ သွားပြီး ရေးချင်တာ ရေးခဲ့မိတာ။ အားနာရတာလဲ မဆုံးတော့။ တွေ့ဦးမယ် သက်ဝေရေ..
သိဂီ င်္နွယ် အတိုကောက် tg nwe ကို ကလစ်ကြည့်ဖို့ မစဉ်းစားပဲ တောင်ငူနွယ်လားမသိ ဆိုပြီး သတိထားမိနေတာကနေ တနေ့တော့ ကလစ်ကြည့်ပြီး သူ့ပို့စ်တွေ တနေ့တည်း အကုန်ဖတ်ဖြစ်ရာကနေ ခင်မင်မိသွားတယ်။
သူ့လိုပဲ မီယာ့ကိုလဲကောမန့်ထဲ တွေ့တော့ နာမည်ကို ကလစ်မကြည့်မိ။ အားတဲ့ ရက်တွေမှာ လိုက်ကလစ်ကြည့်ရင်း သူ့ဘလော့ကို တွေ့တော့ အားနာမိလိုက်သေး။ တကယ့်ကို ကလစ်မကြည့်မိတဲ့ ကိုယ့်အဖြစ်။ ဘာလို့ အဲလိုတွေ မေ့နေလဲ ဆိုတာတောင်မသိ။ သူ့ကိုလဲ တွေ့ချင်တာပါပဲ။ စာရေးရင် အေးအေးလေး ရေးတတ်တာ သူ့အမှတ်အသား။
မလေးရှားက ညလေးကို အရင်က ယူဖတ်တဲ့ ရီဒါထဲ မ၀င်တော့ ဘလော့ဖျက်လိုက်ပြီ အောက်မေ့လို့ နောက်မှ သူက ဘလော့ပြောင်းသွားတာကိုး။ သူ့ကိုတွေ့ချင်တာတော့ ကြာပေါ့။
ပုံရိပ် တို့ လေးမတို့ ဘလော့တွေလဲ ကိုယ်ဘလော့လုပ်စက နေ့တိုင်းဖတ်ရတဲ့ ဘလော့တွေပါပဲ။ သူတို့တွေ ဘယ်နိုင်ငံကလည်း ဆိုတာတောင် အဲဒီတုန်းက မသိခဲ့ဘူး။
သိရင်လား … သွားလည်မလို့ပေါ့နော်။
ပီတိ ရဲ့ မေမေ့ပို့စ်တွေကလဲ ဖတ်မ၀ ။ သူက၀တယ် ဆိုတော့ တွေ့လို့ ဖြစ်ပါ့မလား။ ဒါပေမယ့် ချန်ထားလို့ မဖြစ်တဲ့ အကြောင်းတွေရှိတယ်နော် ကိုပီတိ တွေ့မှဖြစ်မယ်။ လာလည်ပါဗျို့။
တန်ခူးရဲ့ လေနုအေးကို သွားဖတ်မိတာ ကိုပေါဘလော့ကနေ တဆင့်။ ဖတ်နေရင်း သားလေးကို မြင်ယောင်မိ။ နောက်သူ့ပို့စ်တခုက ဆန်းဒေးကျောင်းပုံလေးကို လိုချင်လို့ ကြားခံတဆင့်ဆီ မေးလ်ပို့တောင်းခဲ့ဖူးပြီး လူချင်းတွေ့ချင်တဲ့ထိ ဆန္ဒက ဖြစ်မိ။

ကိုဧရာ မသီတာ ဘလော့လေးကိုလဲ အစက ဂျပန်က ထင်မိသေး။ နောက်မှ စလုံးက အင်ဂျင်နီယာတွေလို့ သိရတော့ အာအိုင်တီကို သံယောဇဉ်ကြီးတဲ့ ကိုယ်က မရောက်ရမနေနိုင်။ တကယ့်ကို အသိတရားတွေ ပေးတတ်တဲ့ ဘလော့မဟုတ်လား။ ပြီး မသီတာရဲ့ ပုံတူတကြောင်းပန်းချီလေးကို ကိုဧရာက ဆွဲပေးထားတယ်ဆိုတော့ သဘောကျလိုက်တာ။ အဲဒီမိသားစုလေးကိုလဲ မြင်ချင်မိပြန်တယ်။

ဂျူလိုင်အိပ်မက်ကတော့ ဘလော်ဂါ ထဲက ယောက်ျားလေးတွေထဲမှာ အခင်ဆုံးတောင် ပြောလို့ရတဲ့အထိ ချက်တင်ထဲမှာ စနောက်အော်ငေါက်။ သူ့ဘ၀ ကိုယ့်ဘ၀ အပြန်အလှန်ရင်ဖွင့် တွေ့ရင်လဲ ရန်ဖြစ်ဦးမယ်ထင်ပါတယ် ။

နောက် ယိုးဒယားသွားလည်မယ်လို့ သူ့ဘလော့မှာ ရေးလို့ အမကို ဆက်သွယ်လိုက်လို့ စီဘောက်ထဲ သွားအော်တော့ မေးလ်ထဲ ရောက်လာတယ် ဖုန်းနံပါတ်ပေးပါတဲ့။ အဲဒီဘလော်ဂါက တီဇက်အေ။ သူ့ကို သန့်ဇင်အောင်ဘလော့ကတည်းက အမြဲဖတ်ခဲ့တာ။ ဒါပေမယ့် ဒီကိုလာ ဖြစ်တော့မှ ကောမန့်ဝင်ရေး စီဘောက်ဝင်အော်ဖြစ်ခဲ့တယ်။ သူနဲ့ တွဲပြီးသတိထားမိတဲ့ ဘလော်ဂါက ကိုဘွိုင်းဇ်။ သူတို့ ၂ ယောက်လုံးထိုင်းကို ရောက်တော့ ဖုန်းဆက် စကားပြောပေမယ့် မဆုံဖြစ်ခဲ့ပါ။ သူတို့က အချိန်မလောက်မငကို မဒီလေးတွေနဲ့ ကုန်ချင်တာ ထင်ပါရဲ့ တညအိပ်ဆင်းလာခဲ့ပါခေါ်တာ ရောက်မလာကြ။ သူတို့ရဲ့ အသံတွေမှာတောင် ဖြူစင်မှုတွေ ပွင့်လင်းမှုတွေ ဖော်ရွေမှုတွေကို မြင်တွေ့နေရတော့ လူချင်းတွေ့ရင်တော့ တော်တော်ကို ဂရုစိုက်မယ်ထင်ပါရဲ့။
(ကြိုတင် လေသံပစ်လမ်းခင်းထားခြင်း)

သူတို့လိုပဲ တွေ့ချင်နေသေးတဲ့ဘလော်ဂါတွေ အများကြီး ။ ပြည်တွင်းက မေရာ။ စလုံးက မေ့သမီး။ တောကျောင်းဆရာ။ ရွာသားလေး။ တောင်ပေါ်သား။ စပ်မိစပ်ရာက ညိုထက်ညို။ မေရာ။ မယ်လိုဒီမောင်၊ ပင့်ဂိုးလ်……….. အများကြီးမှ အများကြီးးးးးးးးး ဒီတော့ ညီမ တန်ခူးရေ.. ၁၀ ယောက်နဲ့တော့ မလောက်ပါကွယ် .. စိတ်ထဲရှိတာ ချရေးလိုက်ပါတယ်။ လူတွေက များလွန်းတော့ လင့်တွေကို ချိတ်မပေးတော့ပါ။ သိပြီးသားတွေလဲဖြစ်နိုင်ပါတယ်။ တချို့လူတွေက ကျမဘလော့လင့်မှာ ပါပြီးသားပါ။ အဲဒီလင့်ကိုလဲ အပ်ဒိတ် လုပ်ရပါဦးမယ်။ ထပ်ထည့်ချင်သူတွေ ရှိသေးတာကိုး။
ဘယ်သူ့ကို ဆက်တက်ဂ်ရမယ်တော့ မသိ။ ဒီလိုနဲ့ ဘလော့ရွာထဲ လိုက်ပတ်ကြည့်တော့ ပြန်ရောက်ပြီလို့ လာသတင်းပို့သွားတဲ့ ညီမလေး လင်းနဲ့ ရွှေဂျမ်း တို့ကို တက်လိုက်ပါတော့မယ်... ဒန်တန့်တန် ရေးပါလေ့ကွယ်နော်..
လာဖတ်သူထဲက စင်စင်ကိုတွေ့ချင်တယ် (ဒါက ဘောနပ်)

ုဖြည့်စွက်ချက်... သုနှင်းဆီဘလော့က မွန်မွန် ကျန်ခဲ့တယ် ။ ဆောဒီးနော်။ သူ့သူငယ်ချင်းတယောက် အကြောင်း ရေးထားတာကို ဖတ်ရင်းနဲ့ သူတင်တဲ့ သီချင်းတွေ သူပြောတဲ့ ထွေရာလေးပါးတွေကို နေ့တိုင်းရောက်ဖြစ်ခဲ့ ပြီး သူ့ကိုမေ့ကျန်ခဲ့တာတော့ အမ မကောင်းတာနော် .. တွေ့ချင်တဲ့ထဲ မွန်မွန်ပါတယ်။ အမှန်တကယ်ပါ။

အထူးနောက်ဆက်တွဲ
ကျမပို့စ်မှာ အရေးအကြီးဆုံး ညီမတယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့အမနဲ့ တော့ သူ့ကြောင့်ပဲ လူချင်းတွေ့ဖူး ခင်မင်ခဲ့ရပြီး သူ့ကို ဓါတ်ပုံတွေ အပြန်အလှန်လဲ၊ ရင်တွေ အပြန်အလှန်ဖွင့်၊ စိတ်တိုရင် ဖြောင့်ဖြပေးတတ်တဲ့။ စာရေးလဲ ကောင်း ၊ ပုံဆွဲလဲတော်၊ ဓါတ်ပုံရိုက်လဲလှ၊ လူကလဲ သိပ်လှတဲ့ မမဘလော်ဂါတယောက်ကို ရေးတော့ ကျန်ခဲ့တယ်။ ပြီးတော့ ကျမဘလော့အသစ်ကလေးကို လာရောက်အားပေးခဲ့တာလဲ သူ။ ကောမန့်တွေ အစောဆုံးချတာလဲ သူ၊ ထောင်အကြောင်းလေးတွေ ရေးပါဦး တောင်းဆိုခဲ့တာလဲသူ၊ ရင်ခုန်သံချင်း ထပ်တူညီတဲ့သူ၊ အမ်မလေးးးးးးးးး စိတ်မကောက်လိုက်ပါနဲ့ ဒေါ်ကေသွယ်ရေ….. ယူနဲ့အိုင်က မကြာမီတွေ့မယ် မဟုတ်လားကွယ်… (တကယ့်အရေးကြီးပုဂ္ဂိုလ်ကျန်ခဲ့တယ်) အာဘွား တသိန်းကေ။(ဟင့် တကယ့်ကို ရေးတဲ့သူက စိတ်မကောင်းဖြစ်မိပြီ ကေ့ကို ကျန်ခဲ့လို့။ ကိုပေါပြောတာ မှန်တယ် အသက်ကြီးသွားလေပြီ၊ ဦးနှောက်အလုပ်မလုပ်တော့ပါ။ ၀န်ခံပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 30, 2009

ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များရဲ့ ပိုင်ရှင်

တနေ့က မဲဆောက်နဲ့ နေ့ချင်းပြန်ခရီးတခု နယ်စပ်မျဉ်းကြောင်းတနေရာကို သွားခဲ့တယ်။ အဲဒီမှာ လူပုဂ္ဂိုလ်တယောက်ကို တွေ့ခဲ့ရတယ်။ အသက်ခပ်ကြီးကြီးလို့ ပြောလို့ရမယ်။ လူစိမ်းမို့ ပြုံးပြ နှုတ်ဆက်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ပြန်လာခဲ့တယ်။ ဒါပေမယ့် အဲဒီလူရဲ့ ဥပဓိရုပ်က ကြည်လင်ပြီး လေးစားဖွယ် ရှိတာမို့ အိမ်ပြန်ရောက်တော့ ပြောပြဖြစ်တယ်။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ဦးလေး တယောက်ကို တွေ့ခဲ့တယ်။ သူနဲ့တွဲတွေ့တာ ဘယ်သူပေါ့။ စသဖြင့်ပေါ့။ နောက်နေ့မှာ သူနဲ့တွဲတွေ့သူရဲ့ အိမ်ကို ရောက်သွားတယ်။ စကားတွေ ဆက်ပြောကြရင်း အဲဒါ ဘယ်သူလေ ဆိုတော့ အံ့သြမိသွားတယ်။ ဘာလို့ဆို သူက ကျမနှစ်သက်လွန်းလို့ ကျမဘလော့မှာ သူ့ရဲ့ ဆောင်းပါးတပုဒ်ကို ယူပြီး ခပ်စောစောပိုင်းက တင်ခဲ့ဖူးတာကိုး။ အဲဒီဆောင်းပါးကလဲ ခေတ်ပြိုင်မှာ တင်တဲ့ ဆောင်းပါး။

ဒီဆောင်းပါးကို ဖတ်လိုက်ရကတည်းက သူရေးထားတဲ့ စိန်မှုန်ပွင့်လေးတွေကို ကျမက ရှာဖွေနေခဲ့ဘူးတယ်။
ဖုန်မှုန့်လိုလူမဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့အတူ ဆောင်းပါးထဲက အတိုင်း အတ္တကိုအောင်နိုင်သူဖြစ်ဖို့ ကျမက အတတ်နိုင်ဆုံး ကြိုးစားချင်မိတယ်။ သူဟာ သူရေးတဲ့ဆောင်းပါးထဲက လူမျိုးပါပဲ။ အဲလိုမှန်းသိရင် သူ့ကို သေချာ နှုတ်ဆက်လိုက်ပါတယ်လို့။ ခုတော့ နောက်ဘယ်အချိန်မှာ ပြန်တွေ့တော့မယ် မသိတဲ့ ဆောင်းပါးရှင်ကို စိတ်ထဲကပဲ နှုတ်ဆက်လိုက်ပါတယ်။ ကျမတို့ အောင်ပွဲတွေနဲ့ ပြန်တွေ့ခွင့်ရပါစေလို့လေ။

အဲဒီဆောင်းပါးရှင် မြတ်နိုးရဲ့ ခေတ်ပြိုင်မှာ ဖော်ပြခဲ့ဘူးတဲ့ ဆောင်းပါးလေးကို ကျမဘလော့ ဒီနေရာလေးမှာ တင်ပေးခဲ့ဘူးပါတယ်။ ဖတ်ရှုကြည့်ပါဦးရှင်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, April 26, 2009

အမှတ်တရ နှစ်ပတ်လည်

နေမ၀င်အချစ်တွေ..
အချစ်ကို ပေးမယ်...

အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့ သူတွေဟာ
တဦးနဲ့တဦးအမြဲတမ်း သစ္စာ တူမှာ...

(ဒီပုံမှာ သားသားကိုယ်ဝန် ၄ လနဲ့ပေါ့)
အချိန်တွေ ပြောင်းပါစေ...
နေရာတွေ ဝေးပါစေ..
အသည်းချင်းမှာ အမြဲနီးနေတာ....

နှစ်စဉ်နှစ်တိုင်းရဲ့ ဧပြီ ၂၇ ရက်နေ့ ဟာ ကျမတို့ ဘ၀အတွက်တော့ ထာဝရ အမှတ်ရစရာနေ့လေးပါပဲ။
ခွဲခွာမှုတွေကို ကြုံလာရတိုင်းလဲ မတုန်မလှုပ် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်..ဘယ်တော့မှ မမေ့ဘူး။
အကြိမ်ကြိမ်ခွဲခွာခဲ့ရတယ်။
ပထမအကြိမ် ၁၉၈၈ မှ ၁၉၉၅ ခုနှစ်ထိ။
ဒုတိယအကြိမ် ၁၉၉၈ မှ ၂၀၀၅ ခုနှစ်ထိ။
ဒါပေမယ့် ကျမတို့ရဲ့ မြတ်နိုးမှုတွေ ၊ ယုံကြည်မှုတွေကို တော့ အချိန်က မတိုက်စားနိုင်ခဲ့ပါဘူး။
အချစ်မှာ သစ္စာတရားက အရေးကြီးတယ်ဆိုတာကို လက်တွေ့နားလည်စေခဲ့တဲ့ လောကဓံကို ကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, April 22, 2009

ကျွန်းပြန်တယောက်နဲ့ စကားလက်ဆုံ…

မနေ့ညနေက မိတ်ဆွေတဦးက အမ မုန့်ဟင်းခါးချက်တယ် လာစားပါ ဆိုလို့ သွားရင်း ကျွန်းပြန်တဦးနဲ့ အမှတ်မထင်တွေ့တယ်။ အဲဒါ ဆရာဦးတင့်ဇော်လေ ဆိုပြီး ကဗျာဆရာ မောင်လွမ်းဏီက ပြောတော့ စားလက်စ မုန့်ပန်းကန်ကို ဘေးနားချရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လို့ သိချင်တာတွေ တရစပ်မေးမိတယ်။ သူကလဲ စကားကို ရေပက်မ၀င်ကို ပြောတာပဲ။ ကျမဖြင့် အားရလိုက်တာ စိတ်ထဲမှာ သိချင်တာတွေကို သေချာမေးလိုက်ရတော့ တော်တော် ကျေနပ်မိတယ်။

ဆရာဦးတင့်ဇော်နဲ့ တွေ့တော့ သူ့လက်ရေးစာမူ စာအုပ်ကို ၁၉၉၇ လောက်က ဖတ်ရတာ မှတ်မိနေတယ်။ အဲဒီစာအုပ်ဖတ်မိပြီး သိချင်တာတချို့ကို မေးမိတာပါ။

မေးမိတဲ့အထဲမှာ ကျွန်းက ထွက်ပြေးမယ့်လူတွေကို သံလိုက်အိမ်မြှောင် လုပ်ပေးခဲ့တဲ့အကြောင်း၊ လှေကို တွန်းထုတ်ပေးမယ့် လူအဖြစ် လိုက်ပေးတော့ လိုက်သွားချင်စိတ် မဖြစ်မိဘူးလား ဆိုတာရော မေးတာအစုံ။ သူ ပြန်ဖြေတာတွေကတော့ အများကြီးပေါ့။

အဲလိုပြောကြရင်းနဲ့ ကျွန်းဖျက်သိမ်းတဲ့ စာမထွက်ခင် ကျဆုံးခဲ့တဲ့ အစာငတ်ခံဆန္ဒပြတဲ့ လူတွေအကြောင်း ရောက်သွားရော။ ဘယ်လိုအစာငတ်ခံကြတာလဲ ဆရာရော အဲဒီအစာငတ်ခံတဲ့အထဲ ပါသေးလား ဆိုတော့ သူက ပထမ တခါ ရက် ၄၀ တိုက်ပွဲမှာ ပထမသုတ်ကတည်းက ပါထားလို့ ခုအပတ်မှာ မပါရပဲ ဘေးက ကူညီတဲ့အဖွဲ့မှာ ပါတယ်တဲ့။
သူတို့ အရက်၄၀ တိုက်ပွဲတုန်းက အသေအပျောက်မရှိပဲ သူတို့လိုချင်တဲ့ အချက်တွေ ရခဲ့တယ်တဲ့။ ခု သမီးမေးတဲ့်တိုက်ပွဲမှာတော့ ကျွန်းစနစ်ကို ဖျက်သိမ်းလိုက်တဲ့ ထိ အောင်မြင်ခဲ့တယ်တဲ့။ ဒါပေမယ့် တို့ဖက်က ၈ ယောက် ကျဆုံးခဲ့တာတဲ့။

ဦးတင့်ဇော်(ခ) ဦးလှဖေ(တကသ ကျောင်းသားခေါင်းဆောင်ဟောင်း)
တခါတိုက်ပွဲမှာ ပထမသုတ် ဒုတိယ သုတ် ဘယ်လိုခွဲလဲ ဆိုတော့ ပထမ တသုတ် အစာငတ်ခံပြီး တပတ်အကြာမှာ ဒုတိယသုတ်၊ ဒုတိယသုတ် ၀င်ပြီးနောက်တပတ်အကြာ တတိယသုတ် ၊ ပထမသုတ်နဲ့ ဆိုရင် ၂ ပတ်အကွာပေါ့။ အဲလိုဝင်တာတဲ့
ကျဆုံးတဲ့ ၈ ယောက်လုံးက ပထမသုတ်ကချည်းပဲလား ဆိုတော့ မဟုတ်ဘူးတဲ့ ပထမသုတ်ကလဲ ပါတယ် ဒုတိယသုတ်ကလဲ ပါတယ် တတိယ သုတ်ကလဲ ပါတယ်တဲ့။ နောက်ဆုံး တိုက်ပွဲ ဘယ်နှစ်ရက်ကြာခဲ့လဲ ဆိုတော့ ၅၃ ရက်တဲ့။

ဆရာရေ အဲဒီမှာ အစာငတ်ခံတိုက်ပွဲဝင်နေရင်း နှုတ်ထွက်တာရော ရှိသလားပေါ့။ သေတဲ့လူရှိလာတဲ့အခါမှာ နှုတ်ထွက်မယ့်လူရော မရှိဘူးလားပေါ့။ ဒီတော့ ဆရာဦးတင့်ဇော်က ဒီတိုက်ပွဲကို စတိုက်မယ် ဆိုကတည်းက အသက်သေတဲ့အထိ အဆုံးတိုင် တိုက်မယ်လို့ ဆုံးဖြတ်ထားတာပဲတဲ့ ။ ဒီတော့ လူတွေက ကြံ့ခိုင်ပြီးသားတဲ့။ သေတော့မယ်ဆိုရင် လူက ခြေဖျားတွေက စပြီးအေးလာတာတဲ့။ အေးလာတဲ့ လူကို ကျန်တဲ့လူတွေက ပြုစု ခြေဖျားလက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး စကားလေး ပြောပေးနေရင်း ကျဆုံးကြတာပဲတဲ့။ တချို့ကျ သတိလစ်သွားတာကနေ ကျဆုံးတာတဲ့။ တယောက်ဆိုရင် လက်မြှောက်တော့ တခုခု လိုချင်တယ်မှတ်လို့ ဘာလိုချင်လဲလို့ မေးနေရင်း က အလေးပြုလိုက်ရင်း ကျဆုံးသွားတာတဲ့။ ၅၃ ရက်တိုက်ပွဲမှာတော့ တယောက် နှုတ်ထွက်တာ ရှိခဲ့တယ်တဲ့။ ကျန်တဲ့လူတွေကတော့ တိုက်ပွဲ ပြီးတဲ့ထိ တိုက်မယ်ဆိုပြီး ကြံ့ကြံ့ခံနေခဲ့တာတဲ့။(အဲဒီနှုတ်ထွက်တဲ့ လူနဲ့ နှစ်အတန်ကြာ ထောင်ကလွတ်တော့ သူနဲ့ ဆုံခဲ့သေးတယ်တဲ့။ နှစ်တွေ အဲလောက်ကြာတဲ့အချိန်မှာတောင် အဲဒီလူက အဲဒီတုန်းက သူနှုတ်ထွက်ခဲ့တာ မှားပါတယ်လို့ တောင်းပန်တယ်တဲ့ ဆရာကပြောသွားသေးတယ်။)

သူတို့လက်ထက်က စာရေးဆရာ မြသန်းတင့်တို့ ၊လေထီးဦးအုန်းမောင်တို့တွေက ဒီတိုက်ပွဲတွေကို ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အသက်သေချင် သေပါစေ အာဏာရှင်ကို တိုက်မယ်။ မတရားတဲ့ အမိန့်ကို တိုက်မယ်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ တိုက်ပွဲကြောင့် ဒီနေ့ထိ အဲဒီကျွန်းစနစ်က မရှိတော့တာပေါ့။ သူတို့သာ ခုလိုအသေခံမတိုက်ခဲ့ကြရင် ခုချိန်ဆို ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ အဲဒီကိုကိုးကျွန်းကို ရောက်နေလောက်ပြီ။

သူပြောတာကို နားထောင်ရင်း ကျမက ဒီနေ့အခြေအနေနဲ့ ဆက်စပ်တွေးမိနေတာပါ။
အဲဒီကျွန်းလို နေရာမဟုတ်ပဲနဲ့ ဒီနေ့ နယ်စပ်ဒေသက လူတွေ အနေနဲ့ သူတို့လို ဆက်သွယ်မှုဘယ်လိုမှ လုပ်မရတဲ့နေရာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်တဲ့ ဘ၀မှာ ဘာလို့ တိုက်ပွဲတွေကို စွန့်ခွာပြေးကြသလဲ။ လူ့ဘ၀မှာ လူတိုင်းတွေ့နိုင်တဲ့ အခက်အခဲ အချို့ကြောင့် ဘ၀ရော အသက်ရော ပေးပြီးလုပ်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးနဲ့ ဝေးရာကို ဘာလို့ ပြေးကြသလဲ။ အဲဒီခေတ်က နိုင်ငံရေးသမားတွေ ၊ မျိုးချစ်ပုဂ္ဂိုလ်တွေလောက် အနစ်နာခံ အသေခံ ပြီး တိုင်းပြည်အတွက် လုပ်ပေးဖို့ စိတ်ဓါတ်တွေကို မရှိတော့တာလား။ လုပ်ဖို့ အလုပ်မရှိတာလား။

သားသမီးတွေ ရှေ့ရေးကြောင့်ဆိုတဲ့ လူတွေ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီနယ်က ထွက်ရတာလို့ သူများအပြစ်လွှဲချပြီး ထွက်သွားကြသူတွေ။ အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။ အော် …. တိုက်ပွဲကို သူတို့ ဘယ်လိုနားလည်သလဲ။ အနှစ် ၂၀ ရှိပြီ ဘာမှမဖြစ်သေးဘူး လို့ ပြောနေသူတွေ။ သူတို့ရော အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ခဲ့ဘူးသလဲ …

ခုနောက်ပိုင်းတွေ့ရတဲ့ အာဏာရှင်တိုက်နေတဲ့ ဘက်က လူတွေ မကောင်းကြောင်းတွေချည်း လိုက်ပြောပြီး ကိုယ်တိုင်က နာမည်တောင်မဖော်ရဲတဲ့ လူတွေ။ ဒါတွေကို မြင်ရ ဖတ်ရတဲ့အခါ ဆရာဦးတင့်ဇော်တို့ရဲ့ အသက်ပေးတိုက်တဲ့ ကျွန်းတိုက်ပွဲကိုပဲ မြင်ယောင်နေမိတော့တယ်။

အဲဒီမှာလဲ အဖွဲ့တွေပါတီတွေ အစုံရှိတာပါပဲ။ မြေပေါ် မြေအောက် ကျောင်းသား ပါတီ အစုံရှိနေခဲ့တာပဲ။ သူတို့တွေ သိခဲ့ကြတယ်။ အဓိကရန်သူက ဘာလဲ။ ဒီတိုက်ပွဲကို ဘယ်လိုတိုက်မလဲ။ ဘယ်သူတွေက ပံ့ပိုးကူညီမလဲ။ ဘယ်လောက်ထိ စွန့်ရမယ် …။ သိရက်နဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေ… အဲဒီခေတ်က နိုင်ငံချစ်စိတ်က ဒီနေ့ခေတ်ထက်များ ပိုနေကြသလား။

ဆရာနဲ့ စကားပြောခန်းက ဆုံးသွားပေမယ့် ကျမအတွေးတွေက မဆုံးနိုင်သေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောဖူးပါတယ်။ တော်လှန်ရေး လုပ်မယ်ဆိုရင် အဆုံးထိ လုပ်ရမယ်တဲ့။ ဒါ့ကြောင့်လဲ အကျဉ်းကျနေတဲ့ ကာလထဲမှာပဲ အာဇာနည်တို့၏ လုပ်ငန်းသည် ဆုံးခန်းတိုင်အောင် လုပ်ရမည်လို့ သူ့အိမ်မှာတောင် စာတန်းချိတ်ခဲ့ဘူးတာပဲ။ သူက ခိုင်မာပြတ်သားစွာ ရပ်တည်နေဆဲ။ တော်လှန်ရေးအပေါ် ယုံကြည်စိတ်က ခုလို ခိုင်မာပြတ်သားမှုကို ဖြစ်စေတာထင်ပါရဲ့။

တော်လှန်ရေးဆိုတာ ဘယ်နေ့ပြီးမယ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ယုံကြည်စိတ်ကပဲ အနားသတ်ပေးတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ ရှိနေဆဲပါ။
(ကိုယ်တွေးမိရာကို တွေးတဲ့အတိုင်း ရေးထားတာပါ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 16, 2009

တခါတုန်းက တက်ဂ်အကြွေး

နှစ်သစ်မကူးခင် တက်ဂ်အကြွေးကို ဆပ်ပါလို့ ပြောလာတဲ့ ဖိုးဂျူလိုင်အတွက် ရေးတဲ့ စာ

ဟိုးရှေးရှေးတုန်းက အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ ဆံပင်က တိုတို (တိုတာမှ ယောက်ျားကေလို ညှပ်ထားတော့ ထိပ်လယ်က ဆံပင်က ထောင်တောင်နေတယ်) နဲ့ ကောင်မလေးတယောက် ဆယ်တန်းအောင်လို့ ကောလိပ်တက်တဲ့အချိန်ပေါ့။

ကောလိပ်ဆိုတော့လဲ ပျော်တာပေါ့။ အသက်က ၁၆ နှစ်ကျော်ကျော် တခါတရံ အဲဒီခေတ်က မိန်းကလေးတွေသိပ်မ၀တ်တဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အကျီ င်္လဲ ၀တ်တတ်သေးတဲ့ ကောင်မလေးပေါ့။ ကောလိပ်ကို စက်ဘီးနဲ့ ကျောင်းတက်တယ်။ သူနဲ့ တူတူကျောင်းတက်တဲ့ ကောင်မလေးတယောက်နဲ့ ဆိုတော့ ၂ ယောက် စက်ဘီးကိုယ်စီနဲ့ပေါ့။

သူတို့နေ့တိုင်း ကျောင်းတက်တဲ့အချိန်တိုင်း ကျောင်းတက်ချိန်တူတဲ့ မေဂျာတူတွေနဲ့ အမြဲတမ်း စကားမပြောဖြစ်ပေမယ့် တူတူစက်ဘီးစီးနေကျ မျက်မှန်းတော့ တမ်းမိနေတဲ့ ကောင်လေးအုပ်စုလဲ ရှိသေးတယ်။ တနေ့တော့ အဲဒီကောင်မလေးနဲ့ ကျောင်းတူတူ တက်နေကျ ကောင်မလေးက ကျောင်းမတက်ဘူး။


ကောင်မလေးကလဲ တယောက်တည်း စက်ဘီးနင်းလာရတော့ ခပ်မြန်မြန်နင်းတယ် ခါတိုင်းလို စကားတပြောပြော အေးအေးဆေးဆေးမဟုတ်ဘူး။ သူ့နောက်မှာလဲ စက်ဘီးတစီးက အမြန်လိုက်စီးနေတယ်။ သေချာ ကြည့်လိုက်တော့ ကောင်လေးတယောက် မြင်ဖူးနေကျ။ အတန်းထဲကပဲ ပရယ်တီကယ် လုပ်ရင် တခန်းတည်း။ ဒါပေမယ့် တခါမှစကားမပြောဖူးဘူး။ ကျောင်းတက်တာကလဲ ၁ လကျော် ၂ လနီးပါးပဲ ရှိသေးချိန်ကိုး ။ နောက်က စက်ဘီးအနားကပ်လာတယ်ထင်လိုက် စက်ဘီးကို မြန်မြန်စီးလိုက် လုပ်နေရင်း ခရီးတ၀က်လောက်ရောက်တော့ ကောင်မလေးနာမည် ခေါ်သံကြားရရော။ ဒုက္ခပါပဲပေါ့ ငါ့ကိုများ စကားလိုက်ပြောမလို့လား ကျောင်းကို မြန်မြန်ရောက်အောင် အားစိုက်နင်းစမ်း။
စိတ်ထဲမှာ အဲလိုပြောရင်း ခပ်မြန်မြန်အရှိန်ကို မြှင့်နင်း။ နောက်က ကောင်လေးကလဲ စကားပြောဖို့ လိုက်သလို ခပ်မြန်မြန်လိုက်နင်းရင်း နာမည်ကို တရစပ်ခေါ်။

ဒီလိုနဲ့ ကျောင်းကိုရောက်။ တနေ့ ပြီးသွားတယ်။ ကိုယ့်ကို ကျောင်းမှာကျတော့လဲ လာစကားမပြောရဲဘူး အဲဒီကိုယ်တော်က။ သူငယ်ချင်းကလဲ နေမကောင်းဖြစ်နေတော့ ကျောင်းမတက်နိုင်သေး။ သူကျောင်းမတက်မချင်းကိုယ့်မှာလဲ ဒီဒုက္ခအရှုပ်ကြီးနဲ့ စိတ်ညစ်ခဲ့ရ။

ဘုရားဘုရား ဘယ်လိုလုပ်ရပါ့။ ဒီနည်းနဲ့ ရည်းစားစကား ပြောတာလဲ တခါမှမခံဘူး။ အထက်တန်းကျောင်းမှာ တုန်းကတော့ စာပေးတာမျိုးပဲ ရှိတာကိုး။ ဒါတောင် ကျောင်းက ထိုင်ခုံထဲမှာ လာထည့်ထားတာပဲ။ ကျောင်းနဲ့ အိမ်ကလဲ နီး။ တခါကိုယ့်ကို စတဲ့ အတန်းထဲက ကောာင်လေးတယောက်ကို စီးထားတဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ပေါက်လိုက်လို့ ခေါင်းပေါက်သွားတာလဲ ရှိဖူးတော့ ကိုယ့်ရဲ့ လက်နဲ့ ပါးစပ်ကို ကြောက်ပြီး တော်ရုံဘယ်သူမှ လိုက်စကားပြောရဲတာမဟုတ်။ ဒါနဲ့ ၃ ရက်မြောက်နေ့မှာတော့စက်ဘီးကို အရှိန်လျှော့။ နောက် စက်ဘီးကို ရပ်ပြီးဆင်းလိုက်တယ်။ နင်ဘာပြောချင်နေတာလဲ လို့ ခပ်မာမာမေးလိုက်တော့ ကိုယ်တော်ချောက ကျောင်းမတက်တဲ့ သူငယ်ချင်း ဘာလို့ ကျောင်းမတက်လဲ မေးတယ်။ နောက် နင်က ငါပြောတဲ့စကားကိုမှ နားမထောင်ပဲ စက်ဘီးကို အမြန်စွတ်စီးနေတာကိုးတဲ့။ အမ်…. နင်နဲ့ငါမှမသိတာ နင်က ဘာစကားပြောစရာလိုလို့လဲ လို့ ပြန်မေးတော့ အဲဒီ(ကျောင်းမတက်တဲ့ )ကောင်မလေးရဲ့ သူငယ်ချင်းကို သူက ချစ်ခင်နှစ်သက်မိပါသတဲ့။ ဒါ့ကြောင့် ဘာဖြစ်လို့ ကျောင်းမတက်လဲ ဆိုတာကို ကောင်မလေးကို လိုက်မေးတာပါတဲ့။ သေဟဲ့ နန္ဒိယ( ကိုယ့်ကိုယ်ကို အထင်ကြီးဦး ၊ ကောင်မလေးဆိုတာ ကျမ.ဟိဟိ)။ (မှားတဲ့အခါလဲ မှားပေမပေါ့နော်)

ကိုဂျူလိုင် တက်ဂ်ထားတဲ့ တခါတုန်းက…… ဆိုတာဒီမှာတင် ပြီးပါပြီ။


လက်ကအရှိန်မသေဘူး ဆက်ပြီးရေးချင်သေးတော့ ဇာတ်လမ်းကို ဒီနေ့ထိ ဆက်ပေးရမယ်ဆိုရင်….

၃ ရက်လောက်စိတ်ညစ်နေရတဲ့ ဒုက္ခက ကင်းလွတ်သွားပြီး အဲဒီကောင်လေးဟာ ကျမရဲ့ အခင်ဆုံး သူငယ်ချင်းထဲကို စာရင်းဝင်သွားတာ ဒီနေ့ထိပါပဲ။ ကျမသူငယ်ချင်းကလဲ သူ့ကို မကြိုက်ခဲ့ပါဘူး။ ခုလောက်ဆို ပါမောက္ခဖြစ်နေမလားမသိ။ ကျမနဲ့နောက်ဆုံးတွေ့တော့ ကထိက။

၂၀၀၅ နှစ်ဆန်းပိုင်းက ကျမ မင်္ဂလာဈေးက အပြန် ကျောက်မြောင်းသီတာလမ်းက သူငယ်ချင်းတယောက်ဆီကို ၀င် အဲဒီကနေ ဗိုလ်ချုပ်ဈေးကို သွားဖို့ ကားဂိတ်ကို လမ်းလျှောက်အထွက် ၊ကားတစီးဘေးမှာ ရပ်နေတဲ့ ဘောင်းဘီဒူးကျနဲ့ နေကာမျက်မှန်နဲ့ တယောက်က နင်-- မဟုတ်လားတဲ့၊ ကျမနာမည်ကို မေးနေတဲ့ အဲဒီတယောက်ကို မသိတာမို့ ဟုတ်တယ် နင်ကဘယ်သူလဲ ဆိုတော့ မျက်မှန်ကို ချွတ်ပြီး ရယ်ပြတဲ့ သူငယ်ချင်းက ခုန ကိုယ်တော်ပေါ့။ ငယ်ငယ်က ပိန်ပိန်မည်းမည်းလေးရှည်ရှည်လေးက ခုတော့ဝတုတ် စိုစိုပြေပြေဖြစ်လို့။

သူသဘောင်္သားလုပ်ပြီး ကျောက်မြောင်းမှာ နေတယ်တဲ့။ သူ့ထက် အသက်တော်တော်ငယ်တဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျပြီး ကလေးတယောက်အဖေ ဖြစ်နေလေရဲ့။ ဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ် ဆိုပြီး သူ့ကားပေါ်တင် စကော့ဈေးရောက်။ ထုံးစံအတိုင်း အစားအသောက်တန်းအရင်သွား မတွေ့တဲ့ နှစ်ပေါင်းများစွာအတွက် အာရိုက်ရင်း သူငယ်ချင်းကောင်းစားနေတာကို မုဒိတာပွားပြီး သူကျွေးတာ စား။ ခု ဒီပို့စ်ကို ရေးရင်း သူ့ကို သတိတရဖြစ်နေမိပါသေးတယ်။(သူလား နာမည်ကျော်ဂီတစာဆို မောင်ကြေးမုံနဲ့ အမျိုးအရင်းကြီးလဲ တော်တယ် သိလား) တကယ်လို့များ ဒီပို့စ်ကို သူဖတ်မိရင် ကျမကို ဆက်သွယ်လာနိုင်ပါစေသော်ဝ်။ (သူက ဘလော့တွေဘာတွေလဲ စိတ်ဝင်စားမယ် မထင်ပါဘူးလေ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, April 12, 2009

သိင်္ဂါရသင်္ကြန်….

( ဓါတ်ပုံကိုမေးလ်ထဲက ရပါသည်)
ဒီလဘက်ရည်ဆိုင်လေးမှာ…..
သီချင်းသံ ဆူညံညံမရှိ။ ၀မ်းတူး တီးကော် စားပွဲထိုးရဲ့ အော်သံမရှိ။
ငွေရှင်းဖို့အော်ခေါ်သံမရှိ၊ ပလာတာ ရိုက်သံ နံပြားရိုက်သံ ဆူညံညံမရှိ။
ပကတိ တိတ်ဆိတ်နေပေမယ့် ဒီဆိုင်လေးမှာ လဘက်ရည်ကောင်းကောင်း၊ ပလာတာ ကောင်းကောင်း၊ စမူဆာ ကောင်းကောင်း ရှိနေပြန်သည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
အေးချမ်းခြင်း ရှိသည်။ တိတ်ဆိတ်ခြင်းရှိသည်။
ဖော်ရွေတဲ့ အပြုံးတွေ ရှိသည်။ရိုးသားတဲ့ မျက်ဝန်းတွေ ရှိသည်။
ကြင်နာတတ်သော စိတ်နှလုံးသားတွေကို မြင်နေရသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ..
တယောက်မျက်နှာ တယောက်ကြည့်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်လက်ကို တယောက်ဆုပ်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အသက်ရှုသံကို တယောက်နားစိုက်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အနာဂတ်တယောက် ဝေမျှကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်ရဲ့ ပစ္စုပ္ပန်ကို တယောက်က ပိုင်ဆိုင်ထားကြသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ကောင်လေးတယောက် သူ့ကောင်မလေးကို ထိုင်စောင့်နေပုံရသည်။
အသက်ခပ်လတ်လတ်တယောက်က တစုံတယောက်ကို ထိုင်စောင့်နေပုံရသည်။
အရွယ်တော်ဟိုင်းတဲ့ လူပျိုသိုးကြီးတယောက် တစုံတဦးကို ထိုင်ငေးနေပုံရသည်။
ဟမ်းဖုန်းကို ခါးကြားထိုးထားတဲ့ ဦးလေးကြီးတယောက်လဲ လာထိုင်သောက်နေသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ပိတောက်တွေနဲ့ ကောင်မလေးတယောက် ပျော်ရွှင်စွာ ထိုင်နေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ မိန်းမပျိုတယောက် စောင့်စားနေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ ဇနီးတယောက် ဂုဏ်ယူနေခဲ့ဖူးသည်။
ပိတောက်တွေရွှေရည်လူးခဲ့သော ဧပြီလတွင် နှစ်ယောက်တဘ၀ခရီးကို စတင်ဖို့ ကြိုးစားခဲ့ကြပေသည်။

ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်ဖြစ်နေတုန်းပင်။

(၁၉၉၆ ဧပြီလ အမှတ်တရ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်